Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ရေဦး မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ချောင်းရှည်အုပ်စု ချောင်းနားကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း‌ရှိ  ကျေးရွာများဖြစ်သည့် သပြေကုန်း၊ အင်တိုင်း၊ ရွာသစ်ကျေးရွာတို့တွင် ယမန်နေ့ ညနေ ၅ နာရီက နိုင်ငံတော်ဓာတ်အားစနစ်ဖြစ် သော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) နှင့် အစားထိုးကျေးရွာ မီးလင်းရေးအစီအစဉ်တို့ဖြင့်  ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊   မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းမင်းထွန်းနှင့် သက်ဆိုင်ရာနယ်မြေတာဝန်ခံ ဌာနဆိုင်ရာအကြီးအကဲများ စုံစုံညီညီတက်‌ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတွင် ဝန်ကြီး ဦးသန်းညွန့်ဝင်းက  ကျေးရွာလမ်းမီးများလင်းစေရေးအတွက် နိုင်ငံတော်မှ ဂျိုက်ကာ ချေးငွေရယူပြီး တိုင်းဒေသကြီးအတွင်း လမ်းတံတား လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနေမှုများ၊ ရေဦးမြို့နယ်အနေဖြင့်  (NEP) အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကျေးရွာ ၅၆ ရွာ၊ အစားထိုးအစီအစဉ်ဖြင့် ၇ ရွာ စုစုပေါင်း ၆၃ ရွာစီစဉ်ထား‌ကြောင်း၊   ယနေ့ထိ ကျေးရွာပေါင်း  ၃၈ ရွာကို နိုင်ငံတော်လျှပ်စစ်ဓာတ်အား ရောက်ရှိသုံးစွဲခွင့်ရနေပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး သူ့နယ် ကိုယ့်နယ်မခွဲခြားဘဲ လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ စီမံကိန်းအတိုင်း အောင်မြင်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာမင်းသိန်း၊ ဦးမြင့်ထွေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က ကျေးရွာမီးလင်းရေးအတွက် နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသော ကျေးရွာ ပြည်သူများအပေါ် ဂုဏ်ပြုစကားများ‌ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ မင်းမင်းထွန်းက ကျေးရွာထရမ်စဖော်မာ ဘရိတ်ကာလျှပ်စစ်မီးများလွှတ်ပေးခဲ့ပြီး ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။

ဆက်လက်ပြီး ယင်းနေ့ ည ၆ နာရီတွင် ဝန်ကြီးနှင့်မြို့နယ်တာဝန်ရှိသူများက ရွာသစ်၊ သပြေကုန်း၊  အင်တိုင်းကျေးရွာတို့တွင် ကျေးရွာလမ်းမီးလင်းစေရေး  ဆက်လက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)