ရန်ကုန် မတ် ၉
အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်နှုန်း ကျဆင်းမှုနှင့် အတူ ပြည်တွင်းရွှေဈေးလိုက်ပါ ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်း ရေးမှူး ဦးအုန်းမြိုင်က ယနေ့ ပြောကြားသည်။
ဆက်လက်ကျဆင်း လက်ရှိ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက်မှစ၍ ငွေကျပ် ၁၅၀၀ အောက်သို့ ကျဆင်းလာခဲ့ပြီးမတ်၉ရက်တွင် တစ်ဒေါ်လာငွေ ကျပ် ၃၅၀အထိ ဆက်လက် ကျဆင်းခဲ့သည်။
သို့ဖြစ်၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်း ဆက်လက်ကျဆင်းပါက ပြည်တွင်းရွှေဈေး ဆက်လက် ကျဆင်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အမြင့်ဆုံးစံချိန် ပြည်တွင်းရွှေဈေးအတက်၊ အကျသည်ကမ္ဘာ့ရွှေဈေး အတက်၊ အကျပေါ်တွင် မူတည်သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ဆန်းပိုင်းက ပြည်တွင်းရွှေဈေး ကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်အထိသာရှိခဲ့သည်။
လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၆၀ ကျော်အထိ စံချိန်တင် မြင့်တက် ခဲ့သော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၁၈၀၀၀၀ သာရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ထို့ပြင် ဈေးကွက်အတွင်း အရောင်းအဝယ်မှာလည်း ပွင့်လင်းရာသီဖြစ်သောကြောင့် ပုံမှန် အရောင်းအဝယ်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ၊ ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ငွေကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ငွေကျပ် ၁၁၀၀၀၀၀ ၊ ဩဂုတ်၇ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ငွေကျပ်၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီးဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန် များထက်ကျော်လွန်၍ ငွေကျပ် ၁၃၀၀၀၀၀ ကျော်အထိဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် နိုဝင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ်၁၁၇၃၀၀၀ (နိုဝင်ဘာ ၂၈ ရက်) အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၁၉၄၀၀ (နိုဝင်ဘာ၂ ရက်)၊ ဒီဇင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၁၇၀၈၀၀ (ဒီဇင်ဘာ ၃ ရက်) အမြင့်ဆုံးနှုန်း ငွေကျပ် ၁၁၉၇၈၀၀ (ဒီဇင်ဘာ ၂၈ ရက်)၊ ဇန်နဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၁၉၁၆၀၀ (ဇန်နဝါရီ ၂ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၃၂၇၀၀ (ဇန်နဝါရီ ၈ ရက်)နှင့် ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ ၂၈ ရက်)တို့ဖြစ်ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ငြိမ်းငြိမ်း