နေပြည်တော် မတ် ၁၀
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ကြီးမှူးကျင်းပသည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၃)ကြိမ်မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများအတွက် ယှဉ်ပြိုင်မည့် စာမူနှင့် လက်ရာများ ဖိတ်ခေါ်ပါသည်။
(၁) ပြိုင်ပွဲဝင်ရမည့် ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) “မူးယစ်ဆေးဝါးပပျောက်ဖို့ ပြည်သူတစ်ရပ်လုံးပူးပေါင်းဆောင်ရွက်စို့”
(ခ) “မူးယစ်ဆေးဝါးပပျောက်ဖို့ နိုင်ငံပေါင်းစုံပါဝင်စို့”
(ဂ) “လူသားဘဝ တိုးတက်ဖို့ မူးယစ်ဆေးဝါးရှောင်ကြစို့”
(ဃ) “ဘိန်းအစားထိုး သီးနှံမျိုး ပြောင်းလဲစိုက်ပျိုး စီးပွားတိုး”
(င) “မူးယစ်ကင်းစင် ကမ္ဘာတွင် ဝိုင်းဝန်းဖော်ဆောင် ဒို့လူ့ဘောင်”
(စ) “မူးယစ်ကင်းဖို့ ကျန်းမာရေးနှင့် တရားရေး လက်တွဲစို့”
"Health for Justice. Justice for Health"
(၂) ဝတ္ထုတိုနှင့် ဆောင်းပါး စာမူကို စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍ သို့မဟုတ် ကွန်ပျူတာစာစီ၍ မူရင်းနှင့် မိတ္တူပေါင်း ၂ စောင် ပေးပို့ရမည်။ စာလုံးရေ ၃ဝဝဝ မှ ၅ဝဝဝ အတွင်း ဖြစ်သည်။
(၃) ကဗျာ စာမူကို စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍ သို့မဟုတ် ကွန်ပျူတာ စာစီ၍ မူရင်းနှင့်မိတ္တူ ပေါင်း ၂ စောင် ပေးပို့ရမည်။ စပ်ထုံးစပ်နည်း မှန်ကန်ပြီး စာကြောင်းရေ ၅ဝ မှ ၁ဝဝ( ပါဒ ၁ဝဝ မှ ၂ဝဝ )အတွင်း ရှိရမည်။
(၄) တေးသီချင်းသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့နှင့် သီဆိုနိုင်၍ ပရိသတ်နားစွဲလွယ်သော ကိုယ်ပိုင်သံစဉ် သီချင်းသစ်ဖြစ်ပြီး စကားလုံးကျစ်လစ် ထိရောက်ရမည်။ အပြီးသတ် အချောသွင်းထားသော သီချင်း CD Master နှင့်အတူ စာသားကို သပ်ရပ်စွာရေး၍ (သို့မဟုတ်) ကွန်ပျူတာစာစီ၍ မူရင်း ၁ စောင်ကို ဂီတသင်္ကေတ မူရင်း ၁ စောင် နှင့်အတူ ပေးပို့ရမည်။
(၅) ဓာတ်ပုံ သည် Photo Essay အဖြစ် ရောင်စုံ သို့မဟုတ် Monochrome ဖြစ်ပြီး ရွေးချယ် ထားသည့် ဆောင်ပုဒ်နှင့် လျော်ညီစွာရိုက်ကူးထားသော ပုံသေး 8'' x 12'' အရွယ် ၃ ပုံမှ ၅ ပုံ အထိ ထည့်သွင်းပေးပို့ရမည်။ အဆိုပါ ပုံငယ်များ၏ Original Files များနှင့် 12'' x 18'' အရွယ် ဓာတ်ပုံ၏ FINAL OUTPUT PRINT FILE ကို CD တွင် ထည့်သွင်း ပေးပို့ရမည်။
(၆) ကွန်ပျူတာပိုစတာ သည် ခေါင်းစဉ်နှင့်ရေးဆွဲမှု ထိရောက်သေချာရမည်။ တင်ပြပုံ ရှင်းလင်းသပ်ရပ်ရမည်။ ယှဉ်ပြိုင်သည့်ပုံအား 7'' x 9'' အရွယ် A 4 Size စက္ကူနှင့် ပုံထုတ်ပြီး CD ဖြင့် ကူးယူရာတွင် မူရင်းပုံအပြင် Jpeg Format ဖြင့် ပုံကို သိမ်းဆည်း၍ ပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိပြီးသောပုံများအား ကူးယူရေးဆွဲခြင်းနှင့် ရေးဆွဲသည့် ပုံတွင် ရေးဆွဲသူ၏ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းရေးဆွဲခြင်း မပြုရ။ ရေးဆွဲသည့်ပုံတွင် မိမိရွေးချယ်သောခေါင်းစဉ်အား ပေါ်လွင်အောင် ထည့်သွင်းရေးဆွဲ ရမည်။
(၇) ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ဟူ၍ ၃ ဆင့် ယှဉ်ပြိုင်ခွင့်ပြုသည်။ မူလတန်းအဆင့် (၃/၄ တန်း)၊ အလယ်တန်း အဆင့် (၅/၆/၇ တန်း)နှင့် အထက်တန်းအဆင့် (၈/၉/၁ဝ တန်း) ဖြစ်ပါသည်။ ရေးဆွဲမည့် စက္ကူ ယူလာရန်မလိုပါ။ 15'' x 20'' အရွယ် ရေးဆွဲရမည်။ ခဲတံ(သို့မဟုတ်) ရောင်စုံ ခဲတံဖြင့် ရေးဆွဲခြင်းမပြုရ။ နှစ်သက်ရာဆေးကိုယူလာပြီး နှစ်သက်ရာနည်းဖြင့် ပန်းချီ၊ ပိုစတာ ရေးဆွဲချိန် ၃ နာရီ၊ ကာတွန်းရေးဆွဲချိန် ၂ နာရီ သတ်မှတ်၍ ကျောဘက်တွင် လက်မှတ်ရေးထိုးရမည်။
(၈) ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်းဟူ၍ နှစ်ဆင့်ခွဲပြီး ယှဉ်ပြိုင်ခွင့် ပြုသည်။ အလယ်တန်းအဆင့် (၅/၆/၇ တန်း)နှင့် အထက်တန်းအဆင့် (၈/၉/၁ဝ တန်း) ဖြစ်ပါသည်။ ပြိုင်ပွဲအချိန်အတွင်း ရေးဆွဲထားသောပုံဖြစ်ရမည်။ အသင့်ရေးဆွဲထားသော ပုံ မပါစေရ။ Software Programme ကို Corel draw, Photoshop, Claris office ကြိုက်ရာတစ်မျိုးမျိုးဖြင့် ရေးဆွဲနိုင်ပါသည်။ ရေးဆွဲချိန် ၃ နာရီ သတ်မှတ်ရမည်။ ယှဉ်ပြိုင်သည့်ပုံအား A4 Size စက္ကူနှင့် ပုံထုတ်ပြီး CD ဖြင့် ကူးယူရာတွင် မူရင်းပုံအပြင် Jpeg Format ဖြင့် ပုံကိုသိမ်းဆည်း၍ ပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိပြီးသော ပုံများအား ကူးယူရေးဆွဲခြင်းမပြုရ။
(၉) ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲတို့တွင် ပြိုင်ပွဲတစ်ခုစီအတွက် တစ်ဦးလျှင် စာမူတစ်စောင်၊ တေးသီချင်း ပြိုင်ပွဲတွင် တစ်ဦးလျှင်တစ်ပုဒ်၊ ကွန်ပျူတာပိုစတာ ပြိုင်ပွဲတွင် တစ်ဦးလျှင် တစ်ပုံ ယှဉ်ပြိုင်ခွင့်ရှိသည်။
(၁ဝ) ဓာတ်ပုံ ပြိုင်ပွဲဝင်တစ်ဦးလျှင် 12'' x 18'' လက်မအရွယ် Photo Essay ၄ ပုဒ် အထိ ယှဉ်ပြိုင်နိုင်သည်။ ပုံများ၏အကြောင်းအရာ Caption ကို စာကြောင်းရေ ၅ ကြောင်း ခန့် ရေးသားပြီး ဓာတ်ပုံ၏ နောက်ဘက်တွင် ကပ်ထားရမည်။ ပြိုင်ပွဲဝင် ၁ ဦးလျှင် ဆုကြီး ၁ ဆုနှင့် နှစ်သိမ့်ဆု ၂ ဆု ခံစားခွင့်ရှိသည်။
(၁၁) ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲဝင်များသည် အတန်း အထောက်အထားအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များမှ ကြီးမှူးကျင်းပသည့် လက်တွေ့ရေးဆွဲ ယှဉ်ပြိုင်ပွဲများမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်။ တိုင်းဒေသကြီး/ ပြည်နယ် များမှ သင့်လျော်သည့် နေ့ရက်တွင် ပြိုင်ပွဲကျင်းပရမည်။
(၁၂) ပြိုင်ပွဲဝင်များအားလုံးသည် ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၂ ပုံ၊ အမည်ရင်း၊ ကလောင်အမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကိုယ်ရေးအကျဉ်း၊ ကိုယ်တိုင် ရေးသား၊ သီကုံး၊ ရိုက်ကူး၊ ရေးဆွဲခြင်းဖြစ်ကြောင်း၊ မည်သည့် စာစောင်တွင်မှ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိကြောင်းနှင့် ဆုရရှိခဲ့ဖူးခြင်းမရှိကြောင်း ဝန်ခံချက် ပူးတွဲပေးပို့ ရမည်။
(၁၃) ပြိုင်ပွဲဝင် စာမူများနှင့် လက်ရာများကို တာဝန်ခံ၊ မူးယစ်ပြတိုက်၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပေးပို့ ရမည်။ ဆက်သွယ်ရန် ဖုန်းအမှတ်မှာ ဝ၁၅ဝ၅၂၆၁ ဖြစ်ပါသည်။
(၁၄) ပြိုင်ပွဲဝင်စာမူနှင့် လက်ရာများ၊ နောက်ဆုံးရောက်ရှိရမည့် နေ့ရက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(က) တေးသီချင်း ၄-၅-၂ဝ၂ဝ
(ခ) ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ ၁၂-၅- ၂ဝ၂ဝ
(ဂ) ဓာတ်ပုံ ၃-၆- ၂ဝ၂ဝ
(ဃ) ကွန်ပျူတာပိုစတာ ၄-၆- ၂ဝ၂ဝ
(င) ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ၉-၆- ၂ဝ၂ဝ
(၁၅) ပြိုင်ပွဲအားလုံးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ၃ ဆုရွေးချယ်မည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ပါသည်။ အလွတ်တန်းပြိုင်ပွဲများမှ ပထမဆု ရရှိသူ ၆ ဦးကို နေပြည်တော်တွင် ဆုချီးမြှင့်မည် ဖြစ်ပါသည်။
(၁၆) ရွေးချယ်ခြင်းမခံရသည်များကို ပြန်လည်ပေးပို့မည် မဟုတ်ပါ။
မှတ်ချက်။ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူကာ ပြည်သူအားလုံးမှ တက်ကြွစွာ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
(မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့)