Skip to main content

တိကျမှန်ကန်စွာဆန္ဒမဲပေးနိုင်ရေး အသိပညာပေးဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါရှိသည့်အတိုင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု အသိပေးထားသည်။

“လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့် မဲပေးမည့်စာရင်းဇယားများ တိကျမှန်ကန်ရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပမည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တစ်နိုင်ငံလုံး၏ လူဦးရေစာရင်းကိုကိုင်တွယ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ စာရင်းဇယားများ တိကျခိုင်မာ မှန်ကန်မှသာလျှင် မှန်ကန်သည့် ဆန္ဒမဲပေးနိုင်မည့် အနေအထားဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဧပြီလ ၁ ရက်နေ့၌ ပြုလုပ်သည့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ မဲပေးခဲ့ကြရာတွင် မဲမသမာမှု ၁၀ သန်းကျော် (မဲပေးသူ ဦးရေ၏ ၄ ပုံ ၁ ပုံခန့်) ရှိခဲ့သည်။ မဲမသမာမှုများတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့ကြသူများလည်း ပါဝင်သည်။ မဲမသမာမှုများသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် တပ်မတော်နှင့် နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်၊ အစိုးရတို့အား ပြန်လည်စိစစ်ရန် အဆင့်ဆင့် တောင်းဆိုခဲ့သော်လည်း မျက်ကွယ်ပြုခဲ့သဖြင့် မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုများကို ပြန်လည်စိစစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် အရေးအကြီးဆုံးဖြစ်သည့် နိုင်ငံ့အရေးကိစ္စများကို ဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်ခိုင်မာရေးသည် အထူးလိုအပ်ပေသည်။ စာရင်းဇယားများ တိကျမှန်ကန် ခိုင်မာမှသာလျှင် မှန်ကန်သည့် ဆန္ဒမဲပေးမှုကို ဖြစ်စေနိုင်သည်။ ဆန္ဒမဲပေးမည့် အကျုံးဝင်သူတိုင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားနိုင်ရေး၊ အမြဲနေထိုင်ရာ နေရာဒေသများတွင် ဆန္ဒမဲပေးနိုင်ရေးနှင့် နေထိုင်ကြောင်း အထောက်အထားဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်း လဝက ပုံစံ ၆၆/၆ ရရှိရေးတို့ကို ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသိရအောင် ဆောင်ရွက်ပေးဖို့ လိုအပ်လာသည်။

၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူ၍ မဲမသမာမှုများပြုလုပ်ခဲ့ရာ ထိုသို့ထပ်မံဖြစ်ပေါ်လာခြင်း မရှိစေရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ထားခြင်း၏ အရေးပါသည့် အခန်းကဏ္ဍများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပါဝင်လုပ်ကိုင် ဆောင်ရွက်တတ်နိုင်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် အခြေခံအားဖြင့် စာရင်းဇယားများ မှန်ကန်တိကျခိုင်မာရေးသည် အဓိကလိုအပ်သောအချက်ဖြစ်သည်။

စာရင်းဇယားများ တိကျမှန်ကန်မှုရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနများနှင့် ပေါင်းစပ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိ/ မရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ/ မရှိတို့ကို တစ်အိမ်တက်ဆင်း ဆောင်ရွက်လျက်ရှိသည်။ စာရင်းဇယားများ ကွန်ပျူတာစာရင်းရေးသွင်းပြီးချိန်တွင် မြို့နယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှု ရှိ/ မရှိ အပြီးတိုက်ဆိုင် စစ်ဆေးသွားမည်ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၁ သန်းကျော် ထုတ်ပေးထားသည်။ ယင်းတို့ကို ပြန်လည်စစ်ဆေး၍ မှန်ကန်တိကျအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ သန့်ရှင်းလွတ်လပ်၍ တရားမျှတမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့်လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များနှင့် ပြဋ္ဌာန်းချက်များကို သိရှိလိုက်နာနိုင်ရေး၊ လူဦးရေစာရင်း၏ အရေးပါမှုတို့ကို ပြည်သူအားလုံး သိရှိနိုင်ရေးအတွက် အသိပညာပေး ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။