Skip to main content

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသည့် တာဝန်ရှစ်ရပ်ကို ထမ်းဆောင်ရသည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိရာ အဆိုပါကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်ရေးရာ ကဏ္ဍအနေဖြင့် ဖော်ပြလိုက်ရပါသည် -

(စာတည်းအဖွဲ့)

ကော်မတီကို ပြည်သူတွေက တင်ပြလာတဲ့စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကိုလည်း ဖြေရှင်းဆောင်ရွက်ပေးရပါတယ်

ဦးအောင်ကြည်ညွန့် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အမျိုးသားလွှတ်တော် ဥပဒေပုဒ်မ ၂၇ ၊ နည်းဥပဒေ အပိုဒ် ၁၀၆ ၊ ၁၀၇ တို့အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၁၆) ဖြင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါ အဝင် ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ကော်မတီအနေဖြင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် တာဝန်ရှစ်ရပ်ကို ထမ်းဆောင်ရ သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ရသည်။ ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဦးအောင်ကြည်ညွန့်

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကော်မတီအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုတဲ့ ကဏ္ဍသုံးခုနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ရပါတယ်။ ကော်မတီမှာ တာဝန်ရှစ်ရပ်ရှိပါတယ်။ ဒီတာဝန်တွေကတော့ ဒေသနဲ့ ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်တဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့တွေ ရရှိရေး၊ စံချိန်စံညွှန်းမီ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ အခြေစိုက်ပျိုးရေးဆိုင်ရာ ဓာတုဆေးတွေ ရရှိရေးနဲ့ စနစ်တကျ သုံးစွဲရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရပါတယ်။

သဘာဝမြေဩဇာတွေ ပိုမိုသုံးစွဲနိုင်ဖို့၊ အော်ဂဲနစ်မြေဩဇာတွေ ထုတ်လုပ်သုံးစွဲမှု တိုးတက်လာဖို့နဲ့ အော်ဂဲနစ်နည်းပညာ ဖွံ့ဖြိုးလာဖို့အတွက် ကူညီဆောင်ရွက်ပေး ရပါတယ်။ ဆန်စပါးအပါအဝင် အရည် အသွေးမြင့် ပြည်ပပို့ကုန်သီးနှံတွေ တိုးချဲ့ စိုက်ပျိုးနိုင်ဖို့နဲ့ နိုင်ငံတကာဈေးကွက်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ကိုလည်း ကူညီပေးရပါတယ်။

စိုက်ပျိုးရေးထွက်ကုန်တွေ တန်ဖိုးမြင့်  စက်မှုကုန်ချော ပေါ်ပေါက်လာစေဖို့၊ နည်းပညာ ဖြန့်ဝေဖို့အတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့အတွက်လည်း ကူညီဆောင်ရွက်ပေးရပါတယ်။ ပြီးတော့ စိုက်ပျိုးရေရရှိရေး၊ ဆည်မြောင်းတွေ အကျိုး ရှိစွာ အသုံးချနိုင်ရေး၊ ရေလွှမ်းမိုးမှုကနေ ကာကွယ်ရေးနဲ့ ရေအရင်းအမြစ်တွေကို စနစ်တကျ အကျိုးရှိစွာ အသုံးချစီမံခန့်ခွဲရေး ကိုလည်း ဆောင်ရွက်ပေးရပါတယ်။ ဒါတွေက စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်တဲ့ တာဝန်တွေပါ။

မွေးမြူရေးကဏ္ဍနဲ့ ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြည်တွင်းတိရစ္ဆာန်မွေးမြူရေး ရေလုပ်ငန်းတွေမှာ ပုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တင်ပြီး ပြည်တွင်းသုံးစွဲမှုဖူလုံရေး သာမက ပြည်ပတင်ပို့မှု မြင့်မားအောင်လည်း ကူညီပေးရပါတယ်။ ပင်လယ်ကမ်းနီး ကမ်းဝေးတွေ မပြုန်းတီးဖို့၊ ပွားများလာဖို့၊ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ငါးဖမ်းလုပ်ငန်းတွေ တိုးတက်လာဖို့အတွက် လိုအပ်တဲ့အရင်း အနှီး နည်းပညာနဲ့ စက်ကိရိယာတွေရရှိရေးကိုလည်း ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေနဲ့ ကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးရပါတယ်။

အဓိကတာဝန်တစ်ခုက ဥပဒေပြုရေးနဲ့ ပတ်သက်တာပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုင်ရာဥပဒေတွေကို ခေတ်နဲ့ ညီအောင် ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပယ်ဖျက်တာ၊ အသစ်ရေးဆွဲပြဋ္ဌာန်းတာ စတာတွေကို ပြုလုပ်ပြီး ကော်မတီအနေနဲ့ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်း၊ အပင်မျိုးသစ်ကာကွယ်ရေးဥပဒေ ကြမ်း၊ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း၊ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ မြေလွတ်မြေလတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း စတဲ့ ဥပဒေကြမ်း တွေနဲ့ စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ကော်မတီကို ပြည်သူတွေက တင်ပြလာတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကိုလည်း ဖြေရှင်းဆောင်ရွက်ပေးရပါတယ်။ ပြည်သူတွေက တင်ပြလာတဲ့ စာတွေ၊ အဖွဲ့အစည်းတွေက တင်ပြလာတဲ့ စာတွေနဲ့ ပတ်သက်ပြီးတော့ ကော်မတီက ဖြေရှင်းဆောင်ရွက်တဲ့အခါ ကော်မတီအတွင်း ညှိနှိုင်းအစည်းအဝေးတွေ ကျင်းပပြီး စုဝေးဆွေးနွေးကြပါတယ်။

ဒီလိုတင်ပြလာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိတ်ကြားညှိနှိုင်း ဆွေးနွေးတာ၊ လိုအပ်ရင် နယ်မြေကွင်းဆင်းစစ်ဆေးတာတွေကိုလည်း ဆောင်ရွက်ရပါတယ်။ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ၁၁ ကြိမ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ နှစ်ကြိမ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ တွေနဲ့ နှစ်ကြိမ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ တစ်ကြိမ်၊ နေပြည်တော် စည်ပင်သာယာရေးက တာဝန်ရှိသူတွေနဲ့ နှစ်ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန် ရှိသူတွေနဲ့ နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းဆောင် ရွက်ခဲ့ပါတယ်။

ပြီးတော့ ပြင်ပအဖွဲ့အစည်းတွေကနေ တင်ပြလာတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ ဒီလို တင်ပြချက်တွေနဲ့ ပတ်သက်ပြီးတော့ လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိတ်ကြား ညှိနှိုင်းဆွေးနွေးတာ၊ လိုအပ်ရင် နယ်မြေ ကွင်းဆင်းစစ်ဆေးတာတွေလည်း ရှိပါတယ်။

ကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ပြည်သူနဲ့ နိုင်ငံတော် အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို လွှတ်တော်မှာ အဆိုတင်သွင်းတာ၊ မေးခွန်း တွေ မေးမြန်းတာနဲ့ ကွင်းဆင်းလေ့လာရမယ့် ကိစ္စရပ်တွေဆိုရင် မဲဆန္ဒနယ်မြေတွေကို ကွင်းဆင်းလေ့လာ စိစစ်တာတွေကိုလည်း ဆောင်ရွက်ရပါတယ်။ ဒါတွေကတော့ ကော်မတီအနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။

ဒေါက်တာဝင်းမြင့်

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်တို့ ကော်မတီအနေနဲ့ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနဲ့ပတ်သက်တဲ့ ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၃၉ ကြိမ်၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှု (၇) ကြိမ်၊ ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ မှု (၁၂) ကြိမ်၊ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်း အစည်းအဝေးအကြိမ် (၂၀)၊ Debate (၁၂) ကြိမ်၊ အစီရင်ခံစာတင်သွင်းမှု (၃) ကြိမ်၊ ကွင်းဆင်းလေ့လာစိစစ်မှု (၁၅) ကြိမ် ပြုလုပ် ခဲ့ပါတယ်။

ကျွန်တော်တို့ ကော်မတီဟာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ယူကေအောက်လွှတ်တော်က ဝန်ထမ်းတွေ နဲ့ ပူးပေါင်းပြီး စာတမ်းတိုနဲ့ သုတေသန တစ်ခုကို ဆောင်ရွက်တာမျိုးလည်း ရှိပါ တယ်။ ယူကေအောက်လွှတ်တော်နဲ့ ပူးပေါင်း ပြီးတော့ ၂၀၁၈ ခုနှစ် ဇွန် ၁၀ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ ကော်မတီနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနဖြစ်တဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရဲ့ ဘတ်ဂျက်နဲ့ အဓိကကိစ္စတွေနဲ့ ပတ်သက် တဲ့ စာတမ်းတိုတစ်စောင် ပြုလုပ်ခဲ့တာ ရှိပါတယ်။

ပြီးတော့ လွှတ်တော်တွေဖွံ့ဖြိုးတိုးတက် ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ UNDP နဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံ အတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတု ဓာတ်ကြွင်းတွေကြောင့် ဖြစ်ပေါ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ လျှော့ချရေးဆိုင်ရာ လေ့လာစိစစ်မှုကို စတင်ပြုလုပ်ခဲ့ပါတယ်။

ကော်မတီကိုယ်စားပြုပြီး ကျွန်တော့်အနေနဲ့ “မြန်မာနိုင်ငံ၏ ငါးနှင့်ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့်ရေ သယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွား ဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား  တိုက်တွန်းကြောင်း” အဆိုကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ လွှတ်တော်ကို တင်သွင်း နိုင်ခဲ့ပါတယ်။

 တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် ( အမှတ် (၁၂) မှ ဦးခင်မျိုးဝင်းက “မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းနှင့် ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ငါးနှင့်ရေသယံဇာတများမှ ရသင့်ရထိုက်သော အခွန်အခများရရှိစေရန်၊ မြန်မာ့ရေသယံဇာတများထိန်းသိမ်းနိုင်ရန် မြန်မာ့ပင်လယ်ကမ်းနီးကမ်းဝေးမှ   ဖမ်းဆီးရရှိလာသော ငါးနှင့်ရေသယံဇာတများကို စိစစ်ရေးဂိတ် များရှိသော ငါးတင်/ချ ဆိပ်ကမ်းများပေါ်တွင် တင်ဆောင်ပြီး သေချာစိစစ် ကြပ်မတ်စစ်ဆေး မှတ်တမ်း တင်ပြီးမှသာ စက်ရုံ သို့မဟုတ် ပြည်ပသို့ FOB, CIF ကဲ့သို့သော ငါးသယ်လှေများဖြင့် ပို့ဆောင်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို” ကို ၂၀၁၇ ခုနှစ် ဩဂုတ် ၂၉ ရက်မှာ လွှတ်တော်ကို တင်သွင်း နိုင်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် ( အမှတ်(၂)မှ ဦးခင်ဝင်းက “ရှေးအစဉ်အဆက်အသုံးပြုခဲ့သော ကျေးလက်ပြည်သူများ   ထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံး ရေကန်များ၊ ဆည်ငယ်/တမံငယ်များကို   ရေချို မိုးရေစုဆောင်းသိုလှောင်ရန်၊ သောက်ရေကန် ပြည်သူ ရေကန်များ သုံးရေ ရရှိရန်၊ မြေအောက်ရေဖြည့်ဆည်းရန် လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေ ရရှိရန်၊ သဘာဝ ဂေဟစနစ်မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်/ဆည်ငယ်/တမံငယ်များကို ပြုပြင် ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို” ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၃၁ ရက်က လွှတ်တော်ကို တင်သွင်း နိုင်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁)မှ ဦးလှဆန်းက “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူ နိုင်ငံ သားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာ များ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက် နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်း ပညာများ အထောက်အပံ့အကူအညီပေးပြီး GAP စနစ် Good Agriculture Practice နည်းစနစ်ဖြင့် တစ်နိုင်ငံလုံးစိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို” ကို ၂၀၁၈ ခုနှစ် မေ ၁၆ ရက်က လွှတ်တော်ကို တင်သွင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် ကော်မတီကို ကိုယ်စားပြုပြီး စုစုပေါင်း အဆိုလေးခုကို တင်သွင်း အောင်မြင်ခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ တိရစ္ဆာန်မွေးမြူရေး နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလတွေက အိမ်နီးချင်းနိုင်ငံတွေမှာ အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever ASF) Gallo ပြည်ပထိုင်းနိုင်ငံက မျိုးရိုးနိမ့်ဝက်သား ပေါက်တွေ တင်သွင်းမှုနဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။

ကျွန်တော်တို့ ကော်မတီဥက္ကဋ္ဌကလည်း နိုင်ငံတော်အတွင်း အစားအသောက် ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန်အမင်း ထိခိုက် စေလျက်ရှိသည့် FDA က ပိတ်ပင်ထားသော အစားအသောက်များ ဈေးကွက်တွင် တွင်ကျယ်စွာ ဆက်လက်ရောင်းချနေခြင်း၊ FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာ သက်သက်ဖြင့်သာ ရေးသားထားသော အစားအသောက်များ ဥပဒေအရ သတ်မှတ်ထားသည့် အညွှန်းအချက်အလက်မပါသည့်   အစားအသောက်များနှင့် ဓာတုဗေဒဆိုးဆေးများ အလွန်အကျွံသုံးထားသော အစားအသောက်များ ရောင်းချနေခြင်းကို မည်ကဲ့ သို့ ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က မေးမြန်းခဲ့ပြီး ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဖြေကြားခဲ့ပြီးတော့ အများပြည်သူ သိရှိနိုင်ဖို့အတွက် ပြန်တမ်းနဲ့ သတင်းစာတွေမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီး မြေနုကျွန်းတွေ ပေါ်ပေါက်တဲ့အခါ နီးစပ်ရာ ကျေးရွာနေထိုင်သူတွေကို ဝေခြမ်းပေးမယ့်အစား အုပ်ချုပ်ရေးနယ်မြေအပေါ်မှာ ဆုံးဖြတ်ဖို့ ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါဟာ မြေနုကျွန်းတွေပေါ်တဲ့အခါ ပဋိပက္ခတွေ မဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ အချုပ်အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ အကျိုး စီးပွားကိုမထိခိုက်စေဘဲ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးစားပေးပြင်ဆင်ဖြည့်စွက် နိုင်ခဲ့ပါတယ်။

တွေ့ဆုံမေးမြန်း - ရှင်မင်း၊ ဓာတ်ပုံ-ကေကေ