ညီညွတ်ခြင်းသည် ဘေးအန္တရာယ် ကင်းရှင်းချမ်းသာခြင်းကို ဖြစ်စေပါသည်။ “နွားကွဲလျှင် ကျားဆွဲ” ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုပျက်ပြားသည်နှင့် ဘေးအန္တရာယ်များ ကျရောက်လာတတ်ပါသည်။ ထို့ကြောင့် ဘေးအန္တရာယ်များ မကျရောက်စေရန်အတွက် အသိုက်အမြုံတစ်ခုအတွင်း ညီညွတ်ခြင်းကို ခိုင်ခိုင်မာမာ တည်ဆောက်ထားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သမိုင်းအစဉ်အလာအရ မတူကွဲပြားသော တိုင်းရင်းသား ပြည်သူများအတွင်း မရှိအတူ ရှိအတူ အေးအတူပူအမျှ နှစ်ပေါင်းထောင်ချီအတူ လက်တွဲနေထိုင်ခဲ့ကြပါသည်။ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများရှိပါသော်လည်း အချိန်တန်လျှင် ပြန်လည်ကျေအေး အေးငြိမ်းခြင်းဖြင့် သင့်မြတ်စွာ ပြန်လည်နေထိုင်ခဲ့ကြပါသည်။ သို့သော် လောကတွင် ကောင်းခြင်း၊ ဆိုးခြင်းတို့ အတူယှဉ်တွဲရှိလာခဲ့ရာ မတူကွဲပြား ပြည်သူများအတွင်း ချစ်ခင်စည်းလုံးညီညွတ် ခြင်းကို ဖျက်ဆီးမည့်သူတို့ ရှိလာတတ်ပါသည်။
စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြသော မြန်မာနိုင်ငံသမိုင်းကြောင်းတွင် လူမျိုးရေး၊ နိုင်ငံရေးကြောင့် စည်းလုံးညီညွတ်မှု ပျက်ယွင်းခြင်းရှိတတ်ပြီး ပြည်သူ အချင်းချင်းမှာမူ များသောအားဖြင့် အေးငြိမ်းချမ်းသာ ညီညွတ်စွာဖြင့် အစဉ်အဆက် နေထိုင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းတွင် အကျည်းတန် အရုပ်ဆိုး ဝမ်းနည်းကြေကွဲစရာအဖြစ်ဆိုးများနှင့် ကြုံတွေ့ရသော စည်းလုံးညီညွတ်မှုကို ဖြိုဖျက်လိုက်သည့် နောက်ဆက်တွဲရလဒ်ဆိုးကျိုးများကို မျက်မှောက်ကာလတွင် မြင်တွေ့နေရသည်။
ကုန်လွန်ခဲ့သည့် ငါးနှစ်ကာလ မတိုင်ခင်အချိန်များက မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာများတွင်နေထိုင်ကြသော ပြည်သူအများစုသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်ချက်၊ ခံယူချက်၊ အယူအဆမတူကွဲပြားသော်လည်း အချင်းချင်း နားလည်မှုရှိစွာဖြင့် အေးချမ်းစွာနေထိုင်ခဲ့ကြသည်။ နိုင်ငံရေးအရ ခံယူချက်မတူသူ အချင်းချင်းလည်း တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာဖြင့် အပြန်အလှန်ရိုင်းပင်းကူညီကြသည်။ လွန်ခဲ့သည့် ငါးနှစ်တာ ကာလမှစ၍ မြန်မာနိုင်ငံရှိ စည်းလုံးညီညွတ်မှုအစဉ်အလာ ပျက်စီးခြင်းဖြစ်လာခဲ့သည်။ ပုဂ္ဂိုလ်ရေး၊ ပါတီရေးအစွဲအလမ်းကြီးမှုများကြောင့် မတူကွဲပြားမှုများကြားတွင် အမုန်းတရားများ တိုးပွားလာခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲကာလက မတူကွဲပြားပါတီများကြား၌ မေတ္တာမထား၊ အမုန်းတရားများ တိုးပွားလာသည်ကို တွေ့ခဲ့ရသည်။ ပို၍ဆိုးရွားသည်မှာ ပြီးခဲ့သည့်နှစ်က နိုင်ငံရေးအစွန်းရောက်နှင့် ဖွဲ့စည်းထားသည့် CRPH နှင့် NUG အကြမ်းဖက်အဖွဲ့အစည်းသည် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေး အတွက် အကြမ်းဖက်သမား PDF များကို မြှောက်ပင့်ထောက်ပံ့အားပေးကူညီပြီး အဖျက်လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် အချိန်းအချက်ပြုလုပ်သည့်အချိန်မှစ၍ ရန်လိုမုန်းထား ရက်စက်ယုတ်မာမှုများ ကြီးထွားလာသည်ကို တွေ့ရမည်ဖြစ်သည်။ PDF အမည်ခံ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ရပ်ရွာများတွင် ခြိမ်းခြောက်ခြင်း၊ စည်းရုံးခြင်း၊ အကျပ်ကိုင်ခြင်း၊ နှိပ်စက်ခြင်း၊ ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြသည်။
အကြောက်တရားကြောင့် ရပ်ရွာတွင်းနေ ပြည်သူများအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းလာခဲ့သည်။ အမုန်းတရားကြောင့် အချင်းချင်း ရန်လိုမုန်းထား စိတ်ထားများထားလာကြသည်။ ငါနှင့်မတူ ငါ့ရန်သူဟူသော မကောင်းစိတ်ထားများ ပြုလုပ်လာကြသည်။ လက်နက်ကိုင်စွဲ လက်ရဲဇက်ရဲ သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြသည်။ ကျေးရွာများမှာ များသောအားဖြင့် လုံခြုံရေးနှင့်အလှမ်းဝေး လှသဖြင့် ယင်းကိုအခွင့်ကောင်းယူ၍ အကြမ်းဖက်အဖျက်သမားများမှာ မင်းမူလာ ကြသည်။ ယနေ့အချိန်အခါတွင် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုကို ပြုမူနိုင်သူမှာ အစွန်းရောက်နိုင်ငံရေး အသိဝင်နေသူများနှင့် အသိအမြင်ဗဟုသုတ နည်းပါးသူဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူများ လုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ လွှမ်းခြုံမိအောင် ဆောင်ရွက်ပေးနိုင်ရန်မှာ လွယ်ကူလှမည်မဟုတ်ပေ။ လက်လှမ်းမမီသောအခါ အချိန်မီကယ်တင်နိုင်ခြင်းမရှိဘဲ ပြည်သူများမှာ အဖြစ်ဆိုးများနှင့် ကြုံတွေ့ကြရ သည်။ ထို့ကြောင့် စည်းလုံးညီညွတ်မှုနှင့် ရပ်ရွာကာကွယ်ရေးအတွက် တည်ဆောက် ဖွဲ့စည်းရန် အထူးလိုအပ်လာပြီဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များ၏ ကူညီထိန်းကျောင်းမှုဖြင့် မိမိရပ်ရွာကို ကာကွယ်နိုင်ရန်အတွက် စည်းလုံးညီညွတ်ပြီး တောင့်တင်း ခိုင်မာသော ရပ်ရွာကာကွယ်ရေးကို တည်ဆောက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ပြည်သူလူထု ပါဝင်သည့် ပြည်သူလူထုကာကွယ်ရေးစနစ်ကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေပြီဟု ရှုမြင်ပါကြောင်း။ ။