နေပြည်တော် မတ် ၁၁
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက် လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာ ခံစားနိုင်ရန်အတွက် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များ မှတဆင့် ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီး သင်္ဘောများဖြင့် လည်းကောင်း လည်ပတ်လျက်ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Essences of Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံသား ခရီးသွားဧည့်သည် (၄၄)ဦးတို့သည် ၂၁-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ရောက်လာပြီး ၄င်းတို့၏ ခေတ်ဟောင်း မော်တော်ယာဉ် (၂၂)စီးဖြင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ(၂၁)ရက်နေ့မှ မတ်လ (၄)ရက်နေ့အထိ ရန်ကုန်-နေပြည်တော်-အင်းလေး-ပင်းတယ-မန္တလေး-အမရပူရ-အင်းဝ-ပုပ္ပါး-ပုဂံ-မကွေး-ပြည်-ပုသိမ်-ငွေဆောင်-ရန်ကုန် ခရီးစဉ်ကို သွားရောက် လည်ပတ်ပြီး ဧည့်သည် (၃၀)ဦးသည် မတ်လ(၄) ရက်နေ့တွင် လည်းကောင်း၊ ကျန်ဧည့်သည် (၁၄)ဦးသည် မတ်လ(၇)နေ့တွင် လည်းကောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာ သွားကြသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ် ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေဖြင့် စဉ်ဆက်မပြတ် လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ဟိုတယ်/ခရီး