Skip to main content

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တံတား ဖြတ်သန်းသွားလာမှုဆိုင်ရာ အမိန့်ထုတ်ပြန်

ရိခေါ်ဒါရ် မတ် ၁၁

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ဘက်မှ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တံတား ဖြတ်သန်း သွားလာမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်ကို မတ် ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအမိန့်ထုတ်ပြန်ချက်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တရားသူကြီးရုံးမှ ခရိုင်တရားသူကြီး S.L NAVEEN, IAS မှ ထုတ်ပြန်ထားခြင်းဖြစ်ပြီး အမိန့်ထုတ်ပြန်ချက်တွင် အချက်လေးချက်ပါရှိကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ် ကူးသန်းသွားလာရာတွင် ဇိုခေါထာရ် တံတားမှအပ ကျန်ဖိုင်းခရိုင်အတွင်း အခြားနယ်စပ်နယ်နိမိတ်များမှ ဖြတ်ကျော်ဝင်ထွက် သွားလာခွင့်မပြုကြောင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်ကူးသန်းသွားလာခွင့် (Special Permit) ကိုင်ဆောင်သူများသည်လည်း ဇိုခေါထာရ်တံတားမှသာ ဖြတ်သန်းသွားလာရ မည်ဖြစ်ပြီး ဤတံတား ဖြတ်ကျော်ဝင်ရောက်သူမှန်သမျှ COVID-19 ရောဂါစစ်ဆေးမှုခံယူ ရမည်ဖြစ် ကြောင်း၊ နေ့စဉ်မဖြစ်မနေလိုအပ်ပြီး ခွင့်ပြုနိုင်သည့်ကုန်ပစ္စည်းများ (Permissible Items) သယ်ယူပို့ဆောင်သူများသည်လည်း COVID-19 ရောဂါစစ်ဆေးမှုခံယူပြီးမှသာ သယ်ယူ ပို့ဆောင် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ဤတံတားမှ ဖြတ်သန်းသွားလာသူမှန်သမျှသည် မီဇိုရမ် ဘက်ခြမ်းရှိ ဇိုခေါထာရ်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်သို့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်း နံပါတ်များ မဖြစ်မနေ ပေးအပ်ထားရမည်ဖြစ်ကြောင်း၊ဤအမိန့် ထုတ်ပြန်ချက်သည် အမိန့် ထုတ်ပြန် သည့်နေ့မှ နှစ်လအထိ အတည်ဖြစ်သည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) စောင့်ကြည့်စစ်ဆေးခြင်းကို မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တံတားဂိတ် (မြန်မာနိုင်ငံဘက်ခြမ်း)၌ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ တာဝန်ခံ ဆရာဝန် ဒေါက်တာစန်းမာဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့ပူးပေါင်းပြီး နေ့စဉ်ပုံမှန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပက်ကာ (ပြန်/ဆက်)