နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား အာရှ - ပစိဖိတ်ဒေသ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG) အတွင်း ရေးမှူးရုံးမှ ဒါရိုက်တာ Mr. David Shannon ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးတာဝန်ရှိသူ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကြံပေးပုဂ္ဂိုလ်ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် APG အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT)ဆိုင်ရာ တိုးတက် ဆောင်ရွက် မှုများကို အသိအမှတ်ပြု ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ မဟာ ဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအမံများ၊ လုပ်ငန်းစီမံချက် (Action Plan)ပါ ဘဏ်လုပ်ငန်းကဏ္ဍနှင့်သက်ဆိုင်သည့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော AML/CFT ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
သတင်းစဉ်