ရန်ကုန် မတ် ၁၁
အချစ်နှင့်ထိရင်ကြွေ၊ နှင်းဆီပန်သူ၊ အလှည့်၊ လူကောင်းလေးရဲ့ နတ်သမီး ရုပ်ရှင် ဇာတ်ကား လေးကားကို ရုပ်ရှင်ရုံ အုပ်စုကြီး နှစ်ခုပိုင်ရုပ်ရှင်ရုံများနှင့် တစ်ဦးချင်းပိုင် ရုပ်ရှင်ရုံ များတွင် လာမည့်ဧပြီ ၂ ရက် မှ မေ ၁၄ ရက်အတွင်း ပြသရန် ရွေးချယ်သတ်မှတ်ခဲ့ကြသည်၊၊
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ စီစဉ်မှုဖြင့် မြန်မာ ရုပ်ရှင်ဇာတ်ကားများ ပြသရေးညှိနှိုင်းမှု ကော်မတီ၏ ယမန်နေ့က ပြုလုပ်သည့် ရက်သတ္တပတ်ခြောက်ပတ်လျှင် တစ်ကြိမ်ညှိနှိုင်း အစည်းအဝေးမှ ရွေးချယ်မှုတွင် ထိုကဲ့သို့ ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ရွေးချယ်ထားမှု တွင် ကံ့ကော်နီ၊ လူထဲကလူ၊ နှင်းဆီစီးချင်း၊ သရွီး ရုပ်ရှင် ဇာတ်ကားများကို မင်္ဂလာ ရုပ်ရှင်ရုံအုပ်စုရှိ ရုံများမှ လည်းကောင်း၊ အစိုးမရအနတ္တ၊ လိပ်ပြာထောင်ချောက်၊ ကျားနှင့်ဆင်၊ ရင်ဝှက်အက္ခရာ ရုပ်ရှင်ဇာတ်ကားများကို JCGV ရုပ်ရှင်ရုံအုပ်စုနှင့် Mega Ace ရုပ်ရှင်ရုံအုပ်စုရှိ ရုပ်ရှင်ရုံ များကလည်းကောင်း ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ရွေးချယ်ခဲ့ကြသော ရုပ်ရှင်ဇာတ်ကားများ တွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ဆင်ဆာ ခွင့်ပြုထားရှိမှုမှ နှစ်ကားစီဖြင့် ပေါင်းလေးကား၊ ၂၀၁၈ ခုနှစ်တွင် ဆင်ဆာ ခွင့်ပြု ထားရှိမှုမှ တစ်ကား၊ ၂၀၁၉ ခုနှစ် တွင် ဆင်ဆာခွင့်ပြု ထားရှိမှုမှ လေးကား၊ ၂၀၂၀ ပြည့်နှစ်တွင် ဆင်ဆာ ခွင့်ပြု ထားရှိမှုမှ သုံးကား စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၁၂ ကား ဖြစ်ကြောင်း တွေ့ရှိရသဖြင့် အရည်အသွေးရှိသည့် ရုပ်ရှင် ဇာတ်ကားကောင်းများကို ဦးစားပေးရွေးချယ်သကဲ့သို့ ယခင်နှစ်များက ပြသရန်ကျန်ရှိသည့် ရုပ်ရှင်ဇာတ်ကားများမှလည်း ရွေးချယ်သတ်မှတ်ကြောင်း တွေ့မြင်ရသည်။
ယခုအခါ နိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံနှင့် ပိတ်ကားအရေအတွက် စုစုပေါင်း ၂၁၁ ခုအထိ တိုးတက်လာသကဲ့သို့ အရည်အသွေးရှိသော ရုပ်ရှင်ဇာတ်ကားအရေအတွက်လည်း တိုးတက် ပါဝင်လာသဖြင့် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။
နီနီချို (FDC)