Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါက်တာဇော်၀င်း ချောင်းဦးမြို့နယ်ရှိ အမြင့် အ.ထ.က စာဖြေဌာနသို့ ကြည့်ရှုအားပေး

ချောင်းဦး မတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၊ လူမှုရေး၀န်ကြီး ဒေါက်တာဇော်၀င်းသည် ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦး၀င်းမြင့်ခင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်တို့နှင့်အတူ ချောင်းဦးမြို့နယ်၊ အမြင့် အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနသို့ ယနေ့၊ နံနက်(၉)နာရီအချိန်က လာရောက်ခဲ့ရာ အင်္ဂလိပ်စာဖြေဆိုနေမှုနှင့် အပြင်စည်း၊ အတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ချောင်းဦးမြို့နယ်အတွင်းရှိ စာဖြေဌာနများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းအောင်နှင့် ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးတင်အောင်မိုးနှင့် မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာ၀န်ရှိသူများ ပူးပေါင်း၍ စာဖြေဌာနများ လုံခြုံရေး ၊ မီးဘေး အန္တရာယ် ကင်းဝေးစေရေး နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် အပြင်စည်း၊ အတွင်းစည်း လုံခြုံရေးများကို  ဆောင်ရွက် ပေးလျက် ရှိကြသည်။

ချောင်းဦးမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ချောင်းဦး အ.ထ.က နှင့် အမြင့် အ.ထ.က စာစစ်ဌာန (၂)ခု ထားရှိရာ ချောင်းဦးမြို့နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၁၇၄၅)ဦးအနက် (၁၆၃၉)ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ယမင်း (ရွှေဦးမြေ)