Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ကျောက်ဆည်မြို့တွင် ပြုလုပ်သော တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့တက်ရောက်

ကျောက်ဆည် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်၊ ရွှေဖောင်ဒေးရှင်းခန်းမတွင် ယနေ့ နံနက် (၉) နာရီက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများအကြောင်းကို လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ကမ္ဘာလူ့အခွင့်အရေးကြေညာစာတမ်းပါ တိုင်းရင်းသားအခွင့်အရေးများအကြောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက်များ ဆန်းစစ် စီမံခြင်း စစ်တမ်းကောက်ယူခြင်းအချက်အလက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီစိုးက လူမှုဝန်ထမ်းလုပ်ငန်းရပ်များအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး  တက်ရောက် လာသည့် တိုင်းရင်းသားများထံမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို စစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)