နေပြည်တော် မတ် ၁၁
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် မတ် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခြင်း၊ ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုနိုင်ရေး လမ်းညွှန်မှုပေးခြင်း၊ အာဆီယံနှင့် ပြင်ပဒေသအဖွဲ့အစည်းနှင့် နိုင်ငံများအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက် အနာဂတ် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခြင်းနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီမှ တင်ပြသည့် ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် လမ်းညွှန်ချက်များပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့ပြင် အာဆီယံ စီးပွားရေးဝန်ကြီးများသည် COVID-19 ရောဂါကြောင့် အာဆီယံဒေသတွင်း စီးပွားရေးထိခိုက်မှုများ အထူးသဖြင့် ထုတ်လုပ်မှု ကွန်ယက်၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်နေသည့် စိန်ခေါ်မှုများကို အာဆီယံ ၏ ညီညွတ်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းရန်သဘောတူညီခဲ့ကြသည်။
(သတင်းစဉ်)