မျက်မှောက်ကာလတွင် ပြည်သူများကြား၌ စားသုံးဆီ၊ စက်သုံးဆီ၊ ငွေစက္ကူ၊ နိုင်ငံရေး စသည်စသည်ဖြင့် မမှန်မကန် ကောလာဟလသတင်းစကားများ မကြာ မကြာပေါ်ထွက် လာလေ့ရှိသည်။ ထိုအခါ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ ရှိလာပြီး အထူးသဖြင့် ကုန်စည်ဈေးနှုန်းများ မတည်ငြိမ်မှုများရှိလာသည်ကို တွေ့ရသည်။ တချို့ကိစ္စများတွင် လတ်တလောအခိုက်အတန့် အခက်အခဲဖြစ်ခဲ့ သည်ကို အကြောင်းပြု၍ ကောလာဟလ သတင်းစကားများ ချဲ့ကားဖြစ်ပေါ်လာပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုမှုများ ရှိတတ်သည်ကိုလည်း သတိပြုရမည် ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း စီးပွားရေးမြို့တော်ရန်ကုန်မြို့၌ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း တီးတိုးတီးတိုး ကောလာဟလသတင်းစကားအမျိုးမျိုး ထွက်ပေါ်လာသည်ကို ကြားသိရသည်။ အမှန်တကယ်တွင် ထိုနေ့ ထိုရက်က သယ်ယူပို့ဆောင်မှု အခိုက်အတန့်အခက်အခဲကြောင့် စက်သုံးဆီဆိုင်အချို့တွင် ဆီဖြည့်တင်းမှု ခေတ္တကြန့်ကြာသွားသည်ကို ချက်ချင်းပင် ပြည်သူများကြား၌ ကောလာဟလသတင်းစကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအခါ ဈေးနှုန်း များ တက်တော့မည်၊ ကုန်ပစ္စည်းများ ပြတ်လပ်တော့မည် စသည်ဖြင့် မမှန်သတင်း စကားများ ဖြန့်ဝေကြသည်ကိုတွေ့ရသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သောစက်သုံးဆီနှင့်စပ်လျဉ်း၍ လတ်တလော ဖြစ်ပေါ်နေသော ကောလာဟလသတင်းစကားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်း ထုတ်ပြန်ရေး အဖွဲ့က ပြည်သူများ စိုးရိမ်ပူပန်မှုမဖြစ်စေရန် ချက်ချင်းအသိပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ် များအားတွေ့ဆုံ၍ ပြည်ပမှ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ပြည်သူများကြား၌ လတ်တလောပျံ့နှံ့ခဲ့သော စက်သုံးဆီနှင့်ပတ်သက်သည့် သတင်းမှားများ၊ စက်သုံးဆီ လက်လီအရောင်းဆိုင်များတွင် စက်သုံးဆီကို အကန့် အသတ်ဖြင့် ရောင်းချနေခြင်း တို့ကြောင့် သုံးစွဲသူပြည်သူများကြားတွင် စိုးရိမ်ပူပန် စိတ်ဖြင့် အလုအယက်ဝယ်ယူမှု များရှိလာမှုကို အကြောင်းခံ၍ ကောလာဟလ များဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကောလာဟလသတင်းများ ဖြစ်ပေါ်လာရာ၌ ကျင့်ဝတ်စည်းကမ်းမစောင့်သိသည့် မသမာသော မီဒီယာများက အဓိကလှုံ့ဆော် ပေးခဲ့ခြင်းကြောင့် ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ ဆီဆိုင်များပိတ်ထားခြင်း၊ ဆီပြတ်လပ်ခြင်းများ အခိုက်အတန့်ဖြစ် ပေါ်ခဲ့သည်။
ထို့အပြင် သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းချလိုသော ကုန်သည်အချို့က ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့ခြင်းများလည်းပါဝင်သည်။ အမှန်တကယ်တွင် နိုင်ငံအတွင်း လှည့်ပတ် သုံးစွဲရန် စက်သုံးဆီအလုံအလောက်တင်သွင်းထားပြီး ပြည်ပမှ စက်သုံးဆီများလည်း ရောက်ရှိနေပြီဖြစ်သည်။ ယခင်က စက်သုံးဆီလိုအပ် မှုများရှိခဲ့သော်လည်း ယခုအခါ ယခင်ထက်ပင် စက်သုံးဆီအလုံအလောက်ရှိနေပြီ ဖြစ်သည်။ စက်သုံးဆီနှင့်ပတ်သက်၍ အဓိကကြုံတွေ့ရသည့် နိုင်ငံခြားငွေသုံးစွဲနိုင်ရန်အတွက် စက်သုံးဆီ လုပ်ငန်းရှင်များအား နိုင်ငံတော်က နိုင်ငံခြားငွေရောင်းချ ပေးမှုများ ပြုလုပ်ပေးလျက်ရှိသဖြင့် စက်သုံးဆီနှင့် ပတ်သက်၍ ပြဿနာများ ပြေလည်သွားနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသာမက စက်သုံးဆီဆိုင်ဖွင့် လှစ်၍ လက်လီရောင်းချသည့် လုပ်ငန်းရှင်များ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများကို ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ သည်။ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများ အနေဖြင့် ပြည်ပမှတင်သွင်း နေသည့်လုပ်ငန်းစဉ်များအပေါ် စိုးရိမ်ပူပန်မှုမဖြစ်ဘဲ စက်သုံးဆီ လက်လီ အရောင်းဆိုင်များ အနေဖြင့်လည်း ရည်ညွှန်းဈေးနှုန်း ဘောင်အတွင်း ပြည်သူများ စက်သုံးဆီအကန့်အသတ်မရှိ ဝယ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးကြမည်ဖြစ်သည်။
စက်သုံးဆီသည် နိုင်ငံတော်နှင့် လူမှုစီးပွား နေ့စဉ်လည်ပတ်ရေး၌ အဆင်ပြေ ချောမွေ့စွာဖြည့် ဆည်းပေးသည့် ကုန်ပစ္စည်းဖြစ်၍ နေ့စဉ်လူမှုစီးပွားဘဝ၌ အခက် အခဲများမရှိစေရန် နိုင်ငံတော်က အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ ကိုရယူပြီး ကုန်စည်စီးဆင်းမှု၊ ဆက်သွယ်သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့ စေရန် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ မမှန်သတင်းများ၊ ကောလာဟလသတင်းများ လွှင့်ထုတ် နေသူများ ကိုလည်း အသိပေး၊ သတိပေး၊ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် လတ်တလောဖြစ်ပေါ်နေသော ကောလာ ဟလလွှင့်ထုတ် မှုများအား မယုံကြည်ဘဲ နိုင်ငံတော်က ပြည်တွင်း၌ စက်သုံးဆီ လုံလောက်စွာ သုံးစွဲနိုင်ရန် လုပ်ငန်းရှင်များ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဖြစ်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ကြပါရန် အသိပေးအပ်ပါကြောင်း။ ။
အယ်ဒီတာ့အာဘော်