Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 

(၁၂-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၁၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအထိ စောင့်ကြည့်လူနာသစ် (၁၄) ဦးအား တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိပါသည်။ ၎င်းတို့ထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ (ဇယား -၁)

 

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၁၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၄) ဦး၏ ဓာတ်ခွဲ အဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိ ကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)

 

၄။ ဆေးရုံများတွင်ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထား သော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ မြန်မာနိုင်ငံသား (၈) ဦးနှင့် မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်ဆေးရုံမှ မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

 

၅။ ယနေ့ (၁၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၁၆) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

 

၆။ (၁၂-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၁၁၄) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။