Skip to main content

မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို မတ် ၁၃ ရက်နေ့မှ စတင်ပိတ်သိမ်းမည်

မကွေး     မတ်     ၁၂

နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိ ကျင်းပမြဲဖြစ်သည့် မန်းရွှေ စက်တော်ရာဘုရားပွဲတော်ကို  မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း၊ မတ်လ ၁၂ ရက် ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁၂.၃.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် အစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၀)၊ ဆုံးဖြတ်ချက်အပိုဒ်(၅)အရ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ် တွင် ကျင်းပပြုလုပ်လျှက်ရှိသော မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား ပိတ်သိမ်း သွားမည် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Covid-19 ရောဂါဖြစ်ပွားပြန့်နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ(Pandemic)အဖြစ် သတ်မှတ် ကြေညာထားရှိခြင်း၊ နိုင်ငံရပ်ခြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေ အရပ်ရပ် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က စတင် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ပုံမှန် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပမြဲဖြစ်ကာ ယခုနှစ်တွင် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သတ်မှတ်ရက်မတိုင်မီ ကြိုတင်ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)