နေပြည်တော် ဧပြီ ၂၂
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းအား ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပုလဲနှင့်ကျောက်မျက်ရတနာများ ရောင်းချ ရာတွင် နိုင်ငံခြားငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေတို့ဖြင့် ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် (၅၇)ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက် အတွဲများနှင့် ပုလဲအတွဲများကို လည်းကောင်း၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်း အတွဲများနှင့် ယခုပြပွဲတွင် ပြသထားသည့် ၃၅ တန်ရှိ အကြီးဆုံးကျောက်စိမ်း တုံးကြီးကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
အဆိုပါ အကြီးဆုံးကျောက်စိမ်းတုံးကြီးမှာ လုံးခင်းဖားကန့်ရတနာနယ်မြေ၊ မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်(၂)မှ တူးဖော်ရရှိသည့် ၃၀၈ တန်ခန့်ရှိ ကျောက်စိမ်းတုံးကြီးမှ ဖြတ်ယူရရှိထားသည့် ၃၅ တန်ရှိ ကျောက်စိမ်းတုံးကြီးဖြစ်ကြောင်း၊ အရည်အသွေး ကောင်းမွန်သည့် အသားကျောက်အမျိုးအစားဖြစ်ပြီး အခြေခံဈေးနှုန်းအနေဖြင့် ယူရိုငွေ ၅ သန်းကျော် ခန့်မှန်းတွက်ချက်ရရှိထားကြောင်း သိရှိရသည်။
ယနေ့ပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း အတွဲ ၂၀၀၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း။
ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများ ဝယ်ယူရာတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်း ဈေးသတ်မှတ်ထားရှိပြီး ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေနိုင်ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ကျောက်စိမ်းဥယျာဉ်ပြန်လည် အဆင့်မြှင့်တင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ကျောက်စိမ်းဥယျာဉ်အား ၂၀၁၀ ခုနှစ်၌ မြေဧရိယာအကျယ်အဝန်း ၈၊ ဒသမ ၂၆ ဧကပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း ကျောက်စိမ်းရိုင်းတုံးပေါင်း ၅၁၁၇ တုံးနှင့် အခြားကျောက်ရိုင်းပေါင်း ၁၄၂၅၂ တုံးထားရှိထားကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ ဥယျာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။