သူ့ကျွန်ဘဝတွင် နှစ်ပေါင်း ၁ဝဝ ခန့် နေခဲ့ရပြီးသည့်နောက် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးများ လွတ်လပ်သော နိုင်ငံ၊ လွတ်လပ်သော လူမျိုးဘဝသို့ ပြန်လည် ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။ နိုင်ငံ လွတ်လပ်ပြီးပါက ပြန်လည်ထူထောင်ရေး ကြီးပွားရေး(ဝါ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား လွတ်လပ်ပြီး နိုင်ငံများက ခြေတစ်လှမ်း လှမ်းပါက မိမိတို့က လေးငါးဆယ်လှမ်း လှမ်းနိုင်မှသာ နောင် ၁၀ နှစ်၊ အနှစ် ၂၀ ကြာသည့်အခါ ယင်းနိုင်ငံများနှင့် တန်းတူဖြစ်နိုင်မှာဖြစ်ကြောင်း လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းက မိန့်ကြားခဲ့သည်။
သို့ရာတွင် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးအကြိုကာလမှာပင် နိုင်ငံရေးအကွဲအပြဲများ စတင်ခဲ့ပြီး နိုင်ငံရေး ပါတီအချို့ တောခိုမှုများ စတင်ခဲ့ကာ လွတ်လပ်ရေး ရပြီးနောက်တွင်လည်း တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ အဓိကအားဖြင့် လွတ်လပ်ရေးရရှိရေး ကြိုးပမ်းခဲ့သည့် ကာလ များအတွင်း ကိုလိုနီနယ်ချဲ့ သမားတို့၏ ပရိယာယ် ကြွယ်ဝလှစွာသော ကောက်ကျစ်စဉ်းလဲလှစွာသော သွေးခွဲ သပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှုများမှ ပေါ်ပေါက်လာခဲ့သည့် သံသယစိတ်များနှင့် မယုံသင်္ကာမှုများမှ မြစ် ဖျား ခံလာခဲ့ခြင်းပင်ဖြစ်သည်။
နယ်ချဲ့ အစိုးရလက်အောက်တွင် ရှိခဲ့စဉ်က မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေများသည် အခြား အာရှ နိုင်ငံများထက် ကောင်းမွန် ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကာလအတွင်း နိုင်ငံ၏ စီးပွားရေးအရင်း အမြစ် အားလုံး လိုလို ပျက်စီးခဲ့ရသလို လွတ်လပ်ရေးရပြီးနောက်တွင် လည်း ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန် မိန့်ကြားခဲ့သည့်အတိုင်း တိုင်းပြည် ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စိတ်ရှိတိုင်း မလုပ်နိုင်ခဲ့။ လွတ်လပ်ရေးနှင့် မရှေးမနှောင်းမှာပင် ပြည်တွင်းတည်ငြိမ် အေးချမ်းမှုတို့ ပျက်စီးခဲ့ရပြီး ပြည်တွင်း စစ်နွံအတွင်း သက်ဆင်းခဲ့ရသည်။ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသောနှစ်ဟူ၍ တစ်နှစ်မှ မရှိခဲ့သည့် အတွက် အဘက်ဘက်မှ ဆုတ်ယုတ်ခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့်လည်း ဝေးခဲ့ရသည်။ မိမိတို့နိုင်ငံ၏ လူမှု စီးပွားရေး အခြေအနေများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာနိမ့်ကျ လျက်ရှိသည့် အဖြစ်ကို တွေ့မြင်ကြရမည်ဖြစ်သည်။
တည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလုပ်နိုင်။ သို့အတွက်ကြောင့် လူမှုစီးပွားရေး နိမ့်ကျလာကာ ဆင်းရဲမွဲတေ လာသည်။ လူမှုစီးပွားဘဝများ နိမ့်ကျမှုက လက်နက်ကိုင်ပဋိပက္ခများကို ဖန်တီး ပေါ်ပေါက်စေပြီး တည်ငြိမ်အေးချမ်းမှုမရှိသော၊ ငြိမ်းချမ်းမှုကင်းမဲ့ သော အခြေအနေသို့ ရောက်ရှိလာစေသည်။ ယင်းသို့သော ကရွတ်ကင်းလျှက် သံသရာကို ရပ်တန့်စေကာ နိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိစေရန်မှာ မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အတောင့်တဆုံးသော မျှော်လင့်ချက် အခမ်းနားဆုံးသော အိပ်မက်ပင်ဖြစ်သည်။
နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် လက်နက်ကိုင်တိုက်ခိုက် မှုများက နိုင်ငံရေးအရ အဖြေ မထွက်ကြောင်း သမိုင်းသင်ခန်းစာများစွာ ရရှိခဲ့ကြပြီးဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများအစား စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်သည့် အခြေအနေသို့လည်း ရောက်ရှိနေပြီဖြစ်ရာ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်ဆောင်ကြဉ်း ပေးလိုသော စေတနာကောင်းကသာလျှင် လက်တွေ့အကောင်အထည် ပေါ်စေ မည့် တွန်းအားဖြစ်လာမှာဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားသကဲ့သို့ပင်
- စေတနာရှိမှသာ ငြိမ်းချမ်းရေးကို စတင်လုပ်ဆောင်နိုင်မည်။
- ပညာဖြင့်သာ မှန်မှန်ကန်ကန်လမ်းကို လျှောက်ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချနိုင်မည်။
- ယင်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရဲသည့် သတ္တိရှိရန် လွန်စွာအရေးကြီးလှသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတောင့်တနေကြသည့် ငြိမ်းချမ်းရေး ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရေး၊ ငြိမ်းချမ်းသည့် နိုင်ငံတော်တည်ဆောက် နိုင်ရေးတို့တွင် ပါဝင်နေကြသည့် သမိုင်းဝင်ပုဂ္ဂိုလ်များအားလုံးက ငြိမ်းချမ်း ရေး အတွက် စေတနာ၊ ပညာ၊ သတ္တိတို့ဖြင့် မိမိတို့၏ ခေတ်သမိုင်း ကို အလှပဆုံးရေးထိုးနိုင်ကြပါစေကြောင်း။ ။