ရန်ကုန် မတ် ၁၂
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် “အလွမ်းရိပ်လည်ပြန်” ကဗျာစုစည်းမှုစာအုပ်မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ၂နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာန၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဆရာတက္ကသိုလ်မိုးဝါက ရန်ကုန် တက္ကသိုလ်ကလောင် အသင်း(၁၉၅၈-၆၂ခုနှစ်)နှင့်ပတ်သက်၍မိတ်ဆက်စကားပြောကြားခဲ့သည်။ဆက်လက်၍ “အလွမ်းရိပ် လည်ပြန်” ကဗျာထုတ် ဝေခြင်းနှင့်ပတ်သက်သော ဆောင်ရွက်မှုများကို ကဗျာဆရာ သူရဇော် က ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆရာမကြူကြူသင်းက ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂ ခုနှစ်) နှင့် ပတ်သက်သော သမိုင်းကြောင်းကို တင်ပြပြီး ဆရာကြီး ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)က မုဒိတာစကားပြောကြားခဲ့သည်။
ရန်ကုန်တက္ကသိုလ် ကလောင်ရှင်များအသင်း (၁၉၅၈-၆၂ ခုနှစ်)၏ အမှုဆောင်ဟောင်းများက ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် မှတ်တမ်းတင်ကြိုဆိုဂုဏ်ပြုရန် ကဗျာချစ်မြတ်နိုးစိတ်ဖြင့် “အလွမ်းရိပ်လည်ပြန်”ကိုထုတ်ဝေခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်ကဗျာပေါင်းချုပ် ပြုစု ဖြစ်ပုံနှင့်ပတ်သက်၍ ကဗျာဆရာ သူရဇော်က “ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂ ခုနှစ်)က အဖွဲ့တွေ တက္ကသိုလ် ကြူကြူသင်း တို့၊ တက္ကသိုလ် မိုးဝါတို့၊ ထီလာစိုးမြင့် ထယ်တို့နဲ့သွားတွေ့ပြီးတော့ လုပ်ကြ ရအောင် ဆိုပြီး ကျွန်တော်က ဦးဆောင်၍သူတို့လည်း သဘောတူတဲ့အတွက်ကြောင့် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကိုလာပြီး စာအုပ်တွေ ရှာပါ တယ်။ စာကြည့်တိုက်မှူး ဒေါက်တာ လှိုင်လှိုင်ကြီးကလည်း ကျွန်တော်တို့ အဖွဲ့ကို အားတက်သရောကူညီပြီး ရှိသမျှ တက္ကသိုလ် မဂ္ဂဇင်းတွေ ချပေး ပါတယ်။ မူကတော့ ကဗျာအဟောင်းတွေပါ၊ အသစ်မယူပါဘူး။ ၁၉၃၅ က စပြီးတော့ ၂၀၁၉ ခုနှစ်အထိ ထွက် သမျှ မဂ္ဂဇင်းတွေအားလုံးကောက်ပါတယ်။ အဲဒီအပြင် တစ်ဦးချင်းထုတ်တဲ့ ကဗျာ စာအုပ်တွေမှာလည်းပဲ ရန်ကုန် တက္ကသိုလ်ကို ဖွဲ့တဲ့ကဗျာပါရင် ယူပါ တယ်။ ပြင်ပမဂ္ဂဇင်းတွေမှာ ရေးတဲ့ ကဗျာလည်း ကျွန်တော်တို့ ကောက်ပါ တယ်။ ကလောင်နာမည် မကြည့်ပါဘူး။ တက္ကသိုလ်နဲ့ပတ်သက်တဲ့ ကဗျာ အားလုံးယူပါတယ်”ဟုပြောကြားသည်။
“အလွမ်းရိပ်လည်ပြန်” ကဗျာ ပေါင်းချုပ်တွင် ပါဝင်သည့် ကဗျာများ မှာ ရန်ကုန်တက္ကသိုလ်၌ ပညာ ဆည်းပူးခဲ့ကြစဉ်က ရန်ကုန် တက္ကသိုလ်နှင့် ပြင်ပမဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များတွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်သော ကဗျာရှင်များ၏ လက်ရာ များကို စုစည်းဖော်ပြထားခြင်းဖြစ်ကာ လွန်ခဲ့သော နှစ်ပေါင်း ၉၀ ကျော် ကဗျာများမှစ၍ တက္ကသိုလ်ပုံရိပ်ကို ထင်ဟပ်သည့်ကဗျာ ၁၄၆ ပုဒ်ကို ရွေးချယ် ဖော်ပြထား ခြင်းဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - ထိန်လင်း