ပုသိမ် မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က ထူးချွန်သင်တန်းသူတစ်ဦးအား ဂုဏ်ပြုဆုအပ်ချုပ်စက်တစ်လုံး ပေးအပ်ချီးမြှင့်ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဦးမှ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ထိုနောက် သင်တန်းတက်ရောက်သူ အမျိုးသမီးငယ်များကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်းစကားပြောကြားသည်။
ယနေ့အချိန်အထိ ဟိုတယ်သင်တန်းသူ(၃၀၀)ဦး၊ အိမ်တွင်းမှုသင်တန်းသူ(၇၁၀)ဦတို့အား အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခဲ့ကြောင်း၊ ယခုသင်တန်းတွင် အဆင့်မြင့် စက်ချုပ်သင်တန်းသူ(၅၀)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၈)ပတ်ကြာမြင့်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြင့်ဟန်(ပြန်ဆက်)