Skip to main content

လွိုင်ကော်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

လွိုင်ကော်  မတ်  ၁၃

နယ်စပ်ရေးရာဝန်ကြီ:ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကယားပြည်နယ်၊ လွိုင်ကော်မြို့  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)၊ ကယားရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈)နှင့် အခြေခံ သိုးမွေးစက်ဆွဲသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲကို ယမန်နေ့  နံနက် နာရီခွဲအချိန် တွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိအနေနှင့် တက်ရောက်ဂုဏ်ပြု အားပေးစကား ပြောကြားရသည့်အတွက် ဝမ်းမြောက်ကြည်နူးမိပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့်အညီတီထွင်ဆန်းသစ်မှုများ တိုးတက်အောင်ကြိုးပမ်းမည်ဆိုသည့် ခံယူချက်များဖြင့် ဝိရိယစိုက်ထုတ်ကြိုးပမ်းနေကြပါကြောင်း၊ ယခုသင်တန်းဆင်းပွဲတွင် သင်တန်းဆင်းမည့် သင်တန်းသူများအနေနှင့် မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြင်ပလောကတွင် အကောင်းဆုံးအသုံးချနိုင်ရန် သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ပြင်ပလောကကို ရောက်ရှိချိန်တွင် မိမိတို့ဒေသနှင့်လျော်ညီသည့် သင်ယူထားမှုများနှင့် ကိုက်ညီသည့်လုပ်ငန်းများကို ကြိုးပမ်းနေကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးအနေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်အကျိုးအမြတ်ရှိသည့် ဆောင်ရွက်မှုမျိုး၊ တီထွင်ဆန်းသစ်မှုများကိုဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအချက်များကို မိမိတို့ကိုယ်တိုင်က ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ မိမိအနေနှင့်နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ထော်ရေးလုပ်ငန်းကော်မတီတွင် တာဝန်ယူထား သည့်အလျောက် နယ်စပ်ဒေသ တိုင်းရင်းသားများအတွက် တတ်စွမ်းသည့် ကဏ္ဍများမှနေ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းကိုတက်ရောက် ပြီးစီးသွားသူများအနေနှင့် ပြင်ပလောကတွင် အောင်မြင်သွားသူများရှိသလို ကြိုးစားဆောင်ရွက်နေကြသည့် သူများလည်းရှိပါကြောင်း၊ သို့ဖြစ်ရာပြည်နယ်အတွင်း လူမှုစီးပွား တိုးတက်ရေးအတွက် ဖော်ဆောင်ရာတွင် စိတ်ရင်းစေတနာမှန်များဖြင့် အပြန်အလှန်အကျိုးအမြတ်ရှိရေးကို မျှော်ကိုးဆောင်ရွက်နိုင် ကြပါစေလိုကြောင်းဖြင့် အဖွင့်အမှာစကားတွင်ပြောကြားသည်။

ဆက်လက်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁)တွင် ထူချွန်ဆုရရှိသူ လွိုင်ကော်မြို့နယ်မှ မပိုးမြာ၊ ကယားရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈)တွင် ထူးချွန်းဆုရရှိသူ ဖရူဆိုမြို့နယ်မှ နော်ချယ်ရီလင်းနှင့် အခြေခံသိုးမွေး စက်ဆွဲသင်တန်း အမှတ်စဉ်(၁၅)တွင် ထူးချွန်ဆုရရှိသူ ဖားဆောင်းမြို့နယ်မှ မခိုင်ဇာဝင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သင်တန်းသူများ၏ အဝတ်အထည်၊ လက်မှုလက်ရာ ခင်းကျင်းပြသထားရှိမှုများကို  ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် အမျိုးသမီးများကို ကျောင်းအိပ် ကျောင်းစားစရိတ်ငြိမ်းဖြင့် သင်ကြားပေး လျက်ရှိပါကြောင်း၊ သင်ထောက်ကူ ပစ္စည်း အစုံလုံးအလင် ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့ သင်ကြားပေးခြင်း၊ သင်တန်းပြီးဆုံးပါက တပိုင်တနိုင်လုပ်ကိုင်နိုင်ရန်အတွက် အပ်ချုပ်စက်များ ကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ယနေ့အချိန်အထိ အခြေခံအိမ်တွင်းမှုပြီးဆုံသူ(၃၂၈၂)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းပြီးဆုံးသူ(၆၉၄)ဦး၊ အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်းပြီးဆုံးသူ(၄၀)ဦး၊ ကယားရိုးရာဂျပ်ခုတ်သင်တန်းပြီးဆုံးသူ(၁၀၇)ဦးနှင့် အခြေခံသိုးမွေး စက်ဆွဲသင်တန်းပြီးဆုံသူ(၅၆)ဦးရှိခဲ့ပြီး ကိုယ်ပိုင်အသက် မွေးဝမ်းကြောင်းပြုနိုင်သူ(၁၈၂၇) ဦးရှိနေပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာ ရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူများမှ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထွန်းလေး(ပြန်/ဆက်)