Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

နေပြည်တော် ဧပြီ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။

အဆိုပါမိန့်ခွန်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅)နှစ်တာကာလအတွင်း လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝ မခံစားရသေးသောကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂)ဦးစီ တက်ရောက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသား ပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက် ဖြစ်သဖြင့် ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်များကို နိုင်ငံရေးပါတီ (၂၃)ပါတီ အပါအဝင် အသင်းအဖွဲ့ အသီးသီးက ထုတ်ပြန်ခဲ့ကြသည်။

အလားတူ ယနေ့တွင်လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။