လွိုင်ကော် မတ် ၁၄
ကယားပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး၊ ဌာနဆိုင်ရာများလုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုတိုးတက်အောင်မြင်စေရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ မွန်းလွဲ ၂ နာရီခွဲ အချိန် ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက် သွယ်ရေးနှင့်လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးကို မပြုလုပ်ရသည်မှာကြာမြင့်ပြီဖြစ်၍ ယခုလိုခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ယခုနံနက်ပိုင်းကပင် ပြည်နယ်/ခရိုင်/မြို့နယ် တည်/ကော် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး လိုအပ်သည်များကိုလည်း မှာကြားဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဌာနအကြီးအကဲများ အနေနှင့် ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်အချိန်အတွင်း အရည်အသွေးပြည့်မီ ပြီးစီးသည်အထိ ဆောင်ရွက် ပေးကြရန်ဖြစ်ပါကြောင်း၊ ချိတ်ဆက် ဆောင်ရွက်ပေးရန် ရှိသည်များကိုလည်းတင်ပြစေလိုပါကြောင်း၊ ပြည်နယ်အတွင်းရှိ ဌာနအကြီးအကဲများအနေနှင့်ကြုံတွေ့နေ ရသည့် အခက်အခဲများကို တင်ပြပေးစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီး အကဲများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်သည်များ ရှင်းလင်း ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှသက် ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းလေး