Skip to main content

ရောဂါကင်းဝေးစေရေး ကာကွယ်ဆေးလွှမ်းခြုံ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာ ကျဆင်းသွားပြီဖြစ်သည်။ ရောဂါစစ်ဆေးမှု ဓာတ်ခွဲအတည်ပြုလူနာသစ် နေ့စဉ်တွေ့ရှိမှုနှုန်းမှာ နေ့စဉ် ဆယ်ဂဏန်းပတ်ဝန်းကျင်ဖြင့် တစ်ရာခိုင်နှုန်းအောက် ဒသမအနည်းငယ်သာ ရှိတော့သည်။ ထိုသို့ အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာခြင်းသည် နိုင်ငံတော်အစိုးရက အလေးထား စီမံဆောင်ရွက်နိုင်မှု၊ ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မှုနှင့် ပြည်သူများက အသိတရားဖြင့် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာသောကြောင့် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း သိသာစွာ လျော့နည်းကျဆင်းလာရခြင်းတွင် ကာကွယ်ဆေးထိုးနှံမှု တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက်နိုင်ခြင်းသည် အဓိကကျသော အကြောင်းအချက်တစ်ခုဖြစ်သည်။ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထား သူတစ်ယောက်သည် ရောဂါကူးစက်ခြင်းနှင့် ရောဂါဖြစ်ပွားမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကိုဗစ်- ၁၉ ရောဂါကြောင့် အသက်ဆုံးရှုံးရမှုကို ခုနစ်ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အခက်အခဲ အနှောင့်အယှက် အတိုက်အခိုက်များကြားမှ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးလွှမ်းခြုံမှုကို ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခြင်းသည် ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ အသက်အုပ်စုအလိုက် အဆင့်ဆင့် ထိုးနှံပေးခဲ့သည်။ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် (၁၈)နှစ်အထက် လူဦးရေ ၃၄ သန်းကျော်ရှိသော်လည်း ပြည်ပသို့ သွားရောက်နေထိုင်သူများ၊ အလုပ်လုပ်ကိုင်သူများနှင့် တာဝန်ထမ်းဆောင်နေကြသော ပြည်သူဦးရေမှာ ၂ ဒသမ ၄ သန်းကျော် ရှိသည့်အတွက် မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်လျက်ရှိသည့် အသက် (၁၈)နှစ်အထက် လူဦးရေ ၃၁ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အသက် (၁၈)နှစ်အထက် လူဦးရေ ၂၉ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်၍ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်သူ အသက် (၁၈)နှစ်အထက် လူဦးရေ၏ ၉၁ ဒသမ ၉ ရာခိုင်နှုန်းအား ကာကွယ်ဆေး လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ ၄ ရက်နေ့က တရားဝင်အသိပေးသတင်း ထုတ်ပြန်ခဲ့သည်။ ယခုအခါ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန်အတွက် အသက် (၁၅)နှစ်နှင့်အထက် ပြည်သူများနှင့် အသက် (၁၂)နှစ်အထက်မှ အသက် (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးလျက်ရှိသည်။

ထို့အပြင် အသက် (၄၀)နှင့်အထက် ပြည်သူများအနေဖြင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသည့်ကာလ ခြောက်လနှင့်အထက်ရှိလျှင် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ဆက်လက်၍ ကာကွယ်ဆေး လွှမ်းခြုံမှုကို ယခုထက်ပိုမိုမြင့်မားစွာ ရရှိစေရန်အတွက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အသက်အုပ်စုများ ထပ်မံတိုးချဲ့၍ ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဦးတည်အုပ်စုအတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို ကျေးလက်ဒေသအထိ ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော မိဘပြည်သူများကို အသက်အုပ်စုများ ထပ်မံတိုးချဲ့၍ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆက်လက်တိုးချဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ရာနှုန်းပြည့်နီးပါး လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို စနစ်တကျ ဆက်လက်လိုက်နာပြီး ကျန်ရှိနေသေးသော ကာကွယ်ဆေးထိုးနှံရေးကို မပျက်မကွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။          ။