ထားဝယ် မတ် ၁၄
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က အမှာစကား ပြောကြားရာ၌ အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဥပဒေကိုနှစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရန် ပြဋ္ဌာန်းထားသည့်အတွက် လာမည့်မေလတွင်(၂) နှစ်ပြည့်ပြီးဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် အစိုးရ၊အလုပ်ရှင်၊အလုပ်သမားသုံးပွင့်ဆိုင် ဆွေးနွေးပွဲဖြစ်သည့်အတွက် မိမိတို့၏ အမြင်၊ အသိများအပေါ် လွတ်လပ်စွာသုံးသပ်၍ အကြံပြုပေးစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင် (၃)ခရိုင်တွင် ယခုလို(၃)ပွင့်ဆိုင်ဆွေးနွေးပွဲများ ကျင်းပပြီး ခရိုင်အလိုက် အဆိုပြု တင်ပြချက်များအပေါ် အလုပ်ရှင်၏ အမြင့်ဆုံးပေးနိုင်အား၊ အလုပ်သမား၏အနိမ့်ဆုံးတင်ပြချက်များအပေါ် သုံးသပ်ပြီး နှုန်းထားတစ်ခုကို အမျိုးသား ကော်မတီ သို့ ဆက်လက်တင်ပြသွားမှာ ဖြစ်ကြောင်း၊ အမျိုးသားကော်မတီက တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၏ တင်ပြချက်များအပေါ် သုံးသပ်ပြီးအဆိုပြုနှုန်းထားတစ်ခုကို ဆက်လက်ကြေငြာပေးမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး ၏ ဖြစ်နိုင်ချေရှိသော နှုန်းထားတစ်ခုကို အကြံပြုပေးကြရန် လိုကြောင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ခံ ဒေါ်မို့မို့သွင်က အနည်းဆုံး အခကြေးငွေသတ်မှတ်ရာတွင် သတိပြုရန်အချက်များအကြောင်း၊ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားတစ်ဦး တစ်နေ့ကုန်ကျစရိတ်အခြေ အနေအကြောင်းနှင့် အနည်းဆုံးအခကြေးငွေ ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရန်အကြောင်း စသည်တို့ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအနည်းဆုံးအခကြေးငွေသတ်မှတ်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီဝင်များ၊ အလုပ်ရှင်နှင့်အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ် (ခရိုင်ပြန်/ဆက်)