Skip to main content

ပြည်တွင်း ဆန်စပါးဈေးကွက် တည်ငြိမ်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၄

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိပြီး ယင်းအခြေအနေများကြောင့် ပြည်တွင်း၌ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန်စပါး စိုက်ပျိုးထွက်ရှိမှု၊ ဆန်စပါးလက်ကျန်နှင့် ပြည်ပတင်ပို့မှုများဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ Myanmar International Trade Center ၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်တွင်း ဆန်လက်ကျန်နှင့် နွေစပါးစိုက်ပျိုးထွက်ရှိမှု၊ ဈေးကွက်ဝယ် လိုအားကို အလျဉ်မီအောင် ဖြည့်တင်းပေးနိုင်မှု၊ ဒေသတစ်ခုတွင် ဆန်လိုအပ်ပါက အရေးပေါ် ပို့ဆောင်မည့် အစီအစဉ်၊ ဆန် ပြည်ပတင်ပို့မှုကို ဈေးကွက်အပေါ် မူတည်၍ နိုင်ငံတော်က ထိန်းကျောင်းဆောင်ရွက်သွားမည့် အစီအစဉ်၊ နိုင်ငံတော် အရံဆန်ထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်ရေးနှင့် ဈေးကစားမှုမရှိအောင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတိုးအောင်မြင့်နှင့် တာဝန်ရှိသူများက ဆွေးနွေးကြသည်။

ထို့ပြင် ဆန်စပါးအသင်းအဖွဲ့များအနေဖြင့် လိုအပ်ပါက ရပ်ကွက်များ၊ စက်မှုဇုန်များနှင့် စက်ရုံများသို့ လက်ကားဈေးဖြင့် တိုက်ရိုက်ရောင်းချပေးမည်ဖြစ်ပြီး လက်ရှိအခြေအနေအရ ပြည်တွင်းရှိ ဆန်လက်ကျန် ပမာဏမှာ ပြည်သူများလုံလောက်စွာ စားသုံးနိုင်သည့်အပြင် ပိုလျှံမှုရှိကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။

သတင်းစဉ်