ယနေ့ကမ္ဘာကို ကိုင်လှုပ်နှိုးလိုက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) နိုင်ငံတကာသို့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်သည့် သတင်းများ ကြေညာလိုက်သည်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး တုန်လှုပ်သွားလေသည်။
ထိုရောဂါကူးစက်မှုက လွန်စွာမြန်ဆန်လွန်းပြီး သံသယဖြစ်ဖွယ် လူနာများ၊ ရောဂါပိုးကူးစက် ရရှိထားသူများ၊ ရောဂါစတင် ဖြစ်ပွား သူများနှင့် အသက်ဆုံးရှုံးရမှုများက တစ်ဆက်တည်းလိုလို ဖြစ်ပေါ် လာသည်။ ယင်းဖြစ်ပွားမှုများက မမျှော်လင့်ဘဲ ရုတ်တရက်ပင် အရှိန်အဟုန်ဖြင့် ပြန့်ပွားခြင်းဖြစ်ပေရာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးနိုင်သည့် လူအင်အား အကူအထောက်အပံ့ကိရိယာ အင်အား၊ စမ်းသပ်စစ်ဆေးနိုင်မှုစနစ်နှင့် အနေအထား အစရှိသည်တို့ နိုင်ငံအသီးသီးတွင် မနိုင်မနင်း ဖြစ်ခဲ့ကြပေသည်။
မူလဖြစ်ပွားရာ တရုတ်နိုင်ငံသာမက အခြားသောနိုင်ငံများမှာပါ ဖြစ်ပွားမှုက ကြီးကျယ် လာသည့်အတွက် မိမိတို့နိုင်ငံအလိုက် တားဆီးကန့်သတ်မှုများ၊ သတိပေးကြေညာမှုများ ပညာပေး လှုံ့ဆော်မှုများ၊ လိုအပ်လျှင်လိုအပ်သလို အရေးပေါ်ဥပဒေထုတ်ပြန်မှုများ၊ နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာမှုများစသည်ဖြင့် အရေးတယူဆောင်ရွက်ကြ လေသည်။ နိုင်ငံအလိုက်ဖြစ်ပွားမှု အနေအထားအရ အချို့နိုင်ငံများတွင် လှုပ်သာရှားသာ ရှိသော်လည်း အချို့နိုင်ငံများတွင်မူ အတော်ပင် တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထားသည်ကို တွေ့ရပေသည်။
သတင်းများထုတ်ပြန်သည့်အခါ သတင်းများပေါ်မူတည်၍ နိုင်ငံသားတို့၏ တုံ့ပြန်မှုအမျိုးမျိုး ကိုလည်းတွေ့ရပါသည်။ တရားဝင်ထုတ်ပြန်သည့် သတင်းများသာမက ပုံကြီးချဲ့သတင်းများ၊ အတုအယောင်သတင်းများ၊ တာဝန်မဲ့သတင်းများကလည်း အလျှိုလျှို ပေါ်လာတတ်သည် ဖြစ်ရာ အချို့သော လူတို့အကြား အစိုးရိမ်ကြီးမှု မှသည် ဆောက်တည်ရာမရ ဖြစ်ကြသည်ကိုပင် တွေ့ရပါသည်။
နိုင်ငံကြီးသည်။ငယ်သည်မဟူ ထိုသို့သောသတင်းများဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အပြင်ထွက်ခွင့်များ ပိတ်လိမ့်မည်။ အိမ်အတွင်း လုံလောက်သည့် စားရေရိက္ခာ ဖြည့်ဆည်း ထားကြရန်လိုသည်။ ပိုပိုလျှံလျှံ ပြေးဝယ်ထားမည်ဟု ယူဆကာ ဆိုင်များတွင် အလုအယက် တိုးဝှေ့ဝယ်ယူကြ၊ သိမ်းဆည်းသိုလှောင်ကြသည်တို့လည်းရှိ၊ အချို့က ကုန်ဈေးနှုန်းတွေ တက်တော့မည်။ မရှိမဖြစ်လိုအပ်သည်များကို သိုမှီးထားခြင်းဖြင့် ဈေးကောင်းရကာ စီးပွားဖြစ်မည်ဟု တွက်ချက်သူများလည်းရှိ၊ အချို့ကမူမရှိသူများ မတတ်နိုင်သူများတော့ဖြင့် ဒုက္ခတွေ့ကြပေလိမ့်မည်၊ မည်သို့သွားရောက်ကူညီရပါမည်နည်းဟု လည်းကောင်း၊ အချို့က ဆရာဝန်၊ သူနာပြု၊ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းစသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ မနိုင်ဝန် ထမ်းနေရသည့်အတွက် များစွာပင်ပန်းခက်ခဲနေပြီ၊ မည်သို့အားပေးကူညီရလျှင် သင့်တော်မလဲဟု လည်းကောင်း စသည်ဖြင့် အမျိုးမျိုး တွေးဆကြံစည်မိကြသည်။
နိုင်ငံအချင်းချင်းကြားတွင်လည်း မိမိနိုင်ငံအတွင်းသို့ အခြားသော နိုင်ငံများမှ ရောဂါပိုးများ ဝင်ရောက်မလာအောင် မိမိနိုင်ငံသားတို့ကို မထိခိုက်အောင် ဘယ်လိုကာကွယ်တားဆီးကြမလဲ၊ နိုင်ငံအတွင်း အရေးပေါ်ထုတ်ပြန်မှုများကို မိမိတို့ပြည်သူများ လိုက်နာစရာတို့ကို လိုက်နာကြ အောင် ရှောင်ကြဉ်စရာကို ရှောင်ကြဉ်ကြအောင် ဘယ်လိုလုပ်မလဲ၊ ဟိုနိုင်ငံနှင့် သည်နိုင်ငံ လိုအပ်နေမှုများကို မည်သို့ကူညီ ပို့ဆောင်ပေးကြမလဲ စသည်ဖြင့် နိုင်ငံရေးခေါင်းဆောင်များ၊ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များက လူသားထုကိုထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ စသည်ဖြင့် ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ အဖြေရှာနေကြပေသည်။
အများအတွက် စိုးရိမ်စိတ်ဖြင့် ဝိုင်းဝန်းကူညီကာကွယ်ပေးလိုသည့် စိတ်ထားမွန်ဖြင့် တုံ့ပြန်ကြသူများရှိသကဲ့သို့ ပွဲလန့်တုန်းဖျာခင်းလိုသူများ၊ လူအများစိုးရိမ်ပူပန်မှု မများများ အောင်ဖန်တီးလိုသူများ၊ တောမီးလောင်နေစဉ် လက်ခမောင်းခတ်ချင်ကြသူများက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အမြတ်အမျိုးမျိုးထုတ်ရန် နည်းလမ်းရှာနေ သည်လည်းရှိချေ၏။
လူတို့သည် ပြင်ပဝန်းကျင်ရှိ အဖြစ်အပျက် အရာဝတ္ထုတို့နှင့် မိမိတို့၏ အာရုံခြောက်ပါးတို့ ထိခိုက်မိသည့်အခါ ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်ကြလေ့ရှိ၏။ နဂိုမူလစိတ်ခံပေါ်တွင် တည်မီကာ တုံ့ပြန် ကြသည်ဖြစ်ရာ အချို့ကရုတ်ချည်း၊ အချို့ကတွေးတွေးဆဆ အချို့ကမဆင်မခြင်၊ အချို့က ပညာဉာဏ်ဖြင့် ချင့်ကာချိန်ကာ။တွေ့ကြုံရမှုများပေါ်မူတည်ကာ လောဘ ဒေါသစိတ် အစရှိသည့် အကုသိုလ်စိတ်များ ဖြစ်ပေါ်တတ်သကဲ့သို့ စာနာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်၊ ကူညီလိုစိတ်၊ မုဒိတာစိတ်၊ ခွင့်လွှတ်စိတ် အစရှိသည့် ကုသိုလ်စိတ်များဖြင့် တုံ့ပြန်ကြသည် လည်းရှိ၏။
ထိုကုသိုလ်စိတ်၊ လူကြီးလူကောင်းစိတ်ထားဆိုသည်မှာ တွေးတွေးဆဆရှိသည့် ပညာဉာဏ်ကို အခြေပြုခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ အန္တရာယ်များလှသော ကူးစက်ပြန့်ပွားမှုကပ်ရောဂါ ကမ္ဘာအနှံ့ဖြစ်ပွားနေသည်ဖြစ်ရာ၊ မိမိတို့နိုင်ငံတွင်းသို့ ယနေ့ချိန်ထိ မရောက်သေးသော်လည်း မမျှော်လင့်ဘဲရောက်ရှိလာပါက ဆိုးရွားသည့် အခြေအနေများဖြစ်လာနိုင်သည်ကို သတိထားကြရန်လိုပါမည်။ အကြောက်လွန်စရာမလိုသော်လည်း မျက်စိကန်းတစ္ဆေ မကြောက်မဖြစ်ကြရန်လည်း လိုပါသည်။ အရေးပေါ်အခြေအနေများကို စနစ်တကျ တုံ့ပြန်နိုင်ကြရေး၊ စိတ်ချယုံကြည်ရသော သတင်းများကိုသာ ချင့်ချိန်တွေးဆ ယုံကြည်နားထောင်ကြရေး၊ စည်းကမ်းများကိုလိုက်နာကာ နားလည်ကျွမ်းကျင်သူတို့၏ ညွှန်ကြားမှုများအတိုင်း ရှောင်ရန်ဆောင်ရန်တို့ကို နားလည်ကျင့်ဆောင်နိုင်ရေး၊ မိမိတို့တစ်ကိုယ်တည်းအတွက်သာမက အများအတွက်ကိုလည်း စာနာကာ အများနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ရေး စသည်တို့က အရေးကြီးမည်ဖြစ်ပါ ကြောင်း။