Skip to main content

တောင်သာမြို့နယ်ရှိ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) စမ်းသပ်လည်ပတ်

နေပြည်တော်  မတ် ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကျောဇီကျေးရွာအနီးရှိ MCCM Co., Ltd ၏ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) စမ်းသပ်လည်ပတ်နေမှုကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ စက်ရုံရှင်းလင်းဆောင်၌ စက်ရုံတာဝန်ခံက စက်ရုံတည်ဆောက်ထားမှုနှင့် စမ်းသပ်လည်ပတ်မည့်အစီအစဉ်များ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဒုတိယစက်ရုံမှူး ဒေါ်ဖြူဖြူအောင်က အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် MCCM Co., Ltd ၏ အသေးစားရေနံချက်စက်ရုံကို မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးနေမှုများကို ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စက်ရုံမှထွက်ရှိသော စက်သုံးဆီများကို အရည်အသွေးပြည့်ဝပြီး စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်အောင် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် မီးဘေး အန္တရာယ်မဖြစ်ပေါ်ရေး အလေးထားဆောင်ရွက်ရန်၊ စက်ရုံမှစွန့်ပစ်ပစ္စည်းများကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ထုံး လုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လူမှုရေးတာဝန်သိမှု CSR အစီအစဉ် ဆောင်ရွက်သွားရန် မှာကြားပြီး စက်ရုံအတွင်းရှိ Digital Control System ဖြင့် ထိန်းချုပ် မောင်းနှင်လည်ပတ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

MCCM Co., Ltd ၏ အသေးစားရေနံချက်စက်ရုံသည် ပြည်တွင်းရေနံလက်ယက်တွင်းများမှထွက်ရှိသော ရေနံစိမ်းများကို တစ်ရက်လျှင် ဂါလန် ၃၀၀၀၀ ချက်လုပ်ကာ ကုန်ချောအဖြစ် ဓာတ်ဆီဂါလန် ၄၅၀၀၊ ဒီဇယ်ဆီဂါလန် ၁၉၅၀၀ နှင့် မီးထိုးဆီဂါလန် ၅၄၀၀ ခန့် ချက်လုပ် ပေးနိုင်သော စက်ရုံဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လယ်ယာကဏ္ဍနှင့် သယ်ယူပိုဆောင်ရေးကဏ္ဍများတွင် စက်သုံးဆီကို သင့်တင့်သောစျေးနှုန်းဖြင့် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရေနံလက်ယက်တွင်းများမှ ထွက်ရှိသော ရေနံစိမ်းများကို ထုတ်လုပ်မှုနည်းစဉ် စနစ်တကျဖြင့် ဒေသန္တရရေနံချက်လုပ်ခြင်း လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၄၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်း ၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ၁၇ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ၄၅ ဦး စုစုပေါင်း ၄၇၈ ဦးကို လိုင်စင်စိစစ် ခွင့်ပြုပေးထားပြီး အသေးစားရေနံချက်လုပ်ငန်း (Mini Refinery)ကို MCCM Co., Ltd အား  ပထမဦးဆုံးအကြိမ် စမ်းသပ်လည်ပတ်ခွင့်ပေးထားကြောင်း သိရသည်။

သတင်းစဉ်