Skip to main content

COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မန္တလေးမြို့၌ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော် ရပ်ဆိုင်း

မန္တလေး  မတ်  ၁၄

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ယခုနှစ် သင်္ကြန်ကာလတွင်ကျင်းပမည့် မြို့တော်မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် ပွဲတော်အပါအဝင် လူစုလူဝေး ဖြစ်စေမည့် ပွဲတော်အားလုံးကို COVID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် ရပ်ဆိုင်းခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီရုံးရှေ့၌ ဖေဖော်ဝါရီလအတွင်းမှစ၍ ဆောက်လုပ်လျက်ရှိသည့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ယနေ့တွင် စတင်ဖျက်သိမ်းနေပြီး သင်္ကြန်ပွဲတော်ကျင်းပရန်အတွက် ကျုံးပတ်လည် တစ်လျှောက်၌ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် နေရာချထားမှုများ ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း သိရသည်။

“သင်္ကြန်ပွဲတော်ကိုကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေကို အချိန်ဆွဲပြီး လုပ်ထားတဲ့အတွက် အခုလိုသင်္ကြန်ပွဲတော် မကျင်းပဖြစ်ပေမယ့် ကျွန်တော်တို့စည်ပင်အနေနဲ့ ကုန်ကျစရိတ် များများစားစား ကျခံသုံးစွဲမှုမရှိခဲ့ပါဘူး။ အခုဖျက်သိမ်းတဲ့ မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ကလည်း နှစ်စဉ်ဆောက်လုပ်နေတဲ့ ပစ္စည်းတွေနဲ့ပဲ အဆင်သင့်ပြန်လည် ဆောက်လုပ် ထားတာဖြစ်တဲ့အတွက် ကုန်ကျမှုမရှိပါဘူး။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကျင်းပမယ့် သင်္ကြန်ပွဲတော်တွေကို ရပ်ဆိုင်းလိုက်ပေမယ့် ရိုးရာဓလေ့အရ မြို့နယ်ရပ်ကွက် တွေမှာ မိသားစုသင်္ကြန် သဘောမျိုးနဲ့ ရေကစားတာတွေတော့ ရှိနိုင်မှာပါ။ ဒါကို လုပ်ဖို့မလုပ်ဖို့ ပြောဖို့က မသင့်တော်ပါဘူး။ ဒါပေမယ့် လူစုလူဝေးနဲ့လုပ်လာပြီး အများအတွက် အန္တရာယ်ရှိ လာမယ်ဆိုရင်တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယခုနှစ်တွင် မန္တလေးမြို့၌ ကျင်းပမည့် ရိုးရာဓလေ့သင်္ကြန်ပွဲတော်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)