မန္တလေး မတ် ၁၄
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်အတွက်ပေးဆောင်ရမည့် အခွန်အခများကို Mandalay Smart Pay (MSP Wallet) စနစ်ဖြင့် ငွေပေးချေနိုင်မည့် အစီအစဉ်ကို ဒေသခံပြည်သူများ စတင်အသုံးပြုနိုင်ရန် မတ် ၁၄ ရက်က မန္တလေးကွန်ဗင်းရှင်းစင်တာတွင် MSP Account များ ဖွင့်လှစ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို စင်ကာပူနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် 2C2P ကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် ရတနာပုံဘဏ်တို့ ပူးပေါင်းဆောင်ရွက်ပေးသည့် ငွေသွင်းငွေလွှဲခြင်း များအတွက် အခကြေးငွေ ဖြတ်တောက်မှု လုံးဝမရှိသော ငွေပေးချေနိုင်သည့်စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
“မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဒီ MSP စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရတာက စည်ပင်ကိုပေးဆောင်ရမယ့် အခွန်အခတွေအပြင် ငွေအကြွေရှားပါးမှု ကြောင့် အပိုဝန်ဆောင်ခတွေ ပေးနေရတဲ့ အခက်အခဲတွေကိုလည်း တိတိကျကျ မှန်မှန် ကန်ကန်နဲ့ ၂၄ နာရီ အချိန်ပြည့် QR Code ကနေတစ်ဆင့် ငွေလွှဲခ လုံးဝမပေးရဘဲ ပေးချေနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ စည်ပင်အခွန်အခ တစ်ခုတည်းသာ မကဘဲ မန္တလေးမြို့မှာရှိတဲ့ အရောင်းအဝယ်လုပ်ငန်းတွေ အားလုံးမှာ အသုံးပြုလို့ရအောင် လုပ်ငန်းရှင်တွေကို ဒီ MSP စနစ်ကို သုံးစွဲဖို့ တောင်းဆိုတဲ့အခါမှာ သူတို့အားလုံးကလည်း စိတ်အားထက်သန်စွာ ပါဝင်လာ ကြတာကို တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း ဒီ Smart Pay အစီအစဉ်ကို အသုံးပြုနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာလည်း ရှိသင့်နေပါပြီ။ ဒါ့အပြင် ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ငွေစက္ကူကိုင်တွယ်ရာကနေ ဝမ်းရောဂါကစပြီး အခု COVID-19 ရောဂါ စတဲ့ကူးစက်ရောဂါမျိုးစုံ ဖြစ်ပွား နိုင်တဲ့အတွက် ဒီရောဂါတွေ ကူးစက်မှုမရှိအောင် ကာကွယ်ချင်တဲ့အတွက် ဆောင်ရွက်တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ အသိပေးချင်ပါတယ်”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
အဆိုပါအစီအစဉ်ကို စတင်အသုံးပြုခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူက “ဒီစနစ်ကိုအသုံးပြုဖို့ ပြီးခဲ့တဲ့နှစ် မေလကစပြီး 2C2P ကုမ္ပဏီနဲ့ MoU ရေးထိုးခဲ့တာပါ။ အခု ပထမအဆင့်အနေနဲ့ စည်ပင်ရဲ့အခွန်အခတွေပေးချေဖို့ ဒီနစ်ကို စတင်အသုံးပြု ခဲ့ပေမယ့် နောက်ပိုင်းမှာ စည်ပင်နဲ့ပတ်သက်တဲ့ ကား၊ ဆိုင်ကယ် အပ်နှံခတွေ ဈေးကောက်တွေကအစ ဒီစနစ်နဲ့ ပေးချေနိုင်ဖို့ ဆက်လုပ်သွားမှာပါ။ ဒါ့အပြင် အခြားဌာနဆိုင်ရာ တွေနဲ့ အရောင်းဆိုင်တွေမှာလည်း ဒီစနစ်နဲ့ ဝယ်ယူနိုင်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကိုခေါ်ယူပြီး ချိတ်ဆက်ပေးနေပါတယ်။ MSP စနစ်ကို ဒီနေ့ကစပြီး အသုံးပြုလို့ရပါပြီ ” ဟု ပြောသည်။
Mandalay Smart Pay အစီအစဉ်ဖြင့် ငွေပေးချေနိုင်မည့် ရှင်းလင်းပွဲသို့ လာရောက်သည့် မန္တလေးမြို့ OWAY Grand Hotel မှ မမီမီအောင်က “ဒီ MSP စနစ်ကိုအသုံးပြုပြီး အခွန်အခတွေ၊ အရောင်းအဝယ်တွေကို ငွေပေးချေလို့ ရတဲ့အတွက် လူကိုယ်တိုင် သွားစရာမလိုတော့ဘူး။ ဒါကြောင့် လုယက်မှု အန္တရာယ်တွေ၊ ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်တွေကို ကာကွယ်နိုင်မှာ ပါ။ ဒီစနစ်ကိုသုံးဖို့ အစပိုင်းမှာ play store ကနေ download ရယူပြီးရင် ဖုန်းနံပါတ်နဲ့ နာမည်ကိုထည့်သွင်းပြီး အကောင့်ကုတ်ကနေ Confirm လုပ်ပြီး သုံးလို့ရပါတယ်။ ငွေသွင်းတာ ကတော့ ကျပ် ၅၀၀၀ ကနေ သိန်းဂဏန်းအထိ ဖြည့်သွင်းလို့ရပါတယ် ” ဟု ပြောသည်။
အဆိုပါ MSP အစီအစဉ်ဖြင့် အသုံးပြုနိုင်ရန် ငွေဖြည့်သွင်းခြင်းအကောင့်ဖွင့်ခြင်းများကို မန္တလေးမြို့တော်အတွင်းရှိ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးများနှင့် အခွန်ကောက်ခံသည့် စည်ပင်ဝန်ထမ်းများ၊ ရတနာပုံဘဏ်အားလုံးနှင့် ဧရာဝတီဘဏ်ခွဲများ၊ မြန်မာ့ရှေ့ဆောင် ဘဏ်ခွဲများတွင် ငွေဖြည့်သွင်းနိုင်ပြီး အခြားဘဏ်များနှင့် စူပါမားကတ်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင်လည်း အလွယ်တကူ ဖြည့်သွင်းဝယ်ယူနိုင်ရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)