Skip to main content

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ

ရန်ကုန်  မတ်  ၁၄


မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကမာရွတ် မြို့နယ်ရှိ Novotel Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် MECA အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မြန်မာကုန်သွယ်မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

“ ကျွန်တော်တို့ MECA ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ မှာ မှတ်ပုံတင်ခဲ့ပြီးတော့ ပြည်တွင်းမှာရှိတဲ့ Exhibition နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်များပါဝင်တဲ့ အသင်းဖြစ်တာကြောင့် ယနေ့မှာ တတိယအကြိမ် နှစ်ပတ်လည်ကို ကျင်းပတာပါ။ ၂၀၁၉ ခုနှစ်ကစလို့ ကုန်သွယ်စက်မှု အသင်းချုပ်ရဲ့ ညီနောင်အသင်းလည်း ဖြစ်ခဲ့ပြီး နိုင်ငံတကာအသင်းအဖွဲ့တွေမှာလည်း အသင်းဝင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါပြီ။ ဒေသတွင်းနိုင်ငံ တွေမှာ စက်မှုလုပ်ငန်းကနေ တိုင်းပြည်ရဲ့ GDP ကို ရှာဖွေပေးနေတာကြောင့် ကျွန်တော်တို့အသင်းအနေနဲ့လည်း စက်မှုလုပ်ငန်းအပါအဝင် ကုန်စည်ပြပွဲတွေက တစ်ဆင့် ရင်းနှီးမြှုပ်နှံသူတွေ များများဝင်ရောက် အောင် နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။

“အသင်းသားတွေရဲ့ အတွေးအမြင်တွေဟာ MICE Industry ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အပံ့ ကောင်းတွေရရှိမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ MICE Industry ဟာ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ ဒေသခံတွေ ဝင်ငွေတိုးပွားပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိစေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အထောက် အပံ့ကောင်းတစ်ခုလည်း ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောသည်။

MICE Tourism နှင့်ပတ်သက်၍ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ အာရှ၊ ပစိဖိတ်နိုင်ငံနှင့် မြို့တော်အများစုမှာ MICE Tourism ကို ဦးတည် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေး၊ လူမှုရေးနှင့် အသိပညာ အကျိုးကျေးဇူးများရရှိကာ မြန်မာနိုင်ငံတွင် MICE Tourism ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ နေပြည်တော်တွင် ဖွံ့ဖြိုးရန်ဆောင်ရွက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့အား ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့တို့ ပူးပေါင်း၍ ဥရောပနှင့် အာရှမှခရီးသွား လုပ်ငန်းရှင် ၅၉ ဦး ပါဝင်သော အဖွဲ့ကို ၂၀၁၅ ခုနှစ် မေလတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် နိုင်ငံတကာသဘာဝအခြေခံ ညီလာခံကြီးကို ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပနိုင်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဆက်လက်ပြောကြားသည်။

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး