(၁၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၁၅-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆:၀၀) နာရီအထိ စောင့်ကြည့်လူနာအသစ် (၈) ဦး ရှိပါသည်။ (ဇယား -၁)
၃။ ၎င်းစောင့်ကြည့် လူနာ (၈) ဦးတို့အနက် လူနာ (၂) ဦး၏ ဓာတ်ခွဲနမူနာအဖြေများနှင့် ယမန် နေ့မှကျန်ရှိသော လူနာ (၄) ဦးအနက် (၃) ဦး၊ စုစုပေါင်း (၅) ဦး၏ ဓာတ်ခွဲအဖြေအား ပူးတွဲပါဇယား (၂) တွင် ဖော်ပြထားမည်ဖြစ်ပါသည်။ ကျန် လူနာ (၇) ဦးတို့၏ ဓာတ်ခွဲနမူနာများအား ဆက်လက်၍ ပေးပို့စစ်ဆေးရန် စီစဉ်ထားရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၅-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၅)ဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေး သိရှိရပါသည်။ (ဇယား -၂)
၅။ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိလာသည့် အသက် (၃၅) နှစ်အရွယ် အမျိုးသမီး (၁) ဦးနှင့် ပြင်သစ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အသက် (၅၀) နှစ်အရွယ်နှင့် အသက် (၆၄) နှစ်အရွယ် အမျိုးသား (၂) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၃) ဦးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုများ မရှိသော် လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော နိုင်ငံများသို့သွား ရောက်ခဲ့သည့် ရာဇဝင်ရှိသဖြင့် ၎င်းတို့ အား အထူးကုဆေးရုံ (ဝေဘာဂီ) သို့ ညွှန်းပို့ခဲ့ပြီး (၁၄) ရက် ခွဲခြားထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။
၆။ (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဆေးရုံများ၌ ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော အထူးကုဆေးရုံ (ဝေဘာဂီ) မှ မြန်မာနိုင်ငံသား (၅) ဦးတို့၏ ဓာတ်ခွဲ အဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၇။ ယနေ့ (၁၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ (၇) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။
၈။ (၁၅-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၃၆) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
Ref : Ministry of Health and Sports, Myanmar