Skip to main content

နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် ပြည်သူကိုအကျိုးပြု၍ ဂုဏ်ယူ

ဆေးပညာဘွဲ့အောင်စာရင်းထုတ်ပြန်ပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတို့တွင် ဆေးပညာဘွဲ့ရအောင် စာရင်းထုတ်ပြန်ပြီးသူ စုစုပေါင်း ၁၂၂၂ ဦးရှိရာ နိုင်ငံတော်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက်ရှိခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြရန် သက်ဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်လိုက်ခြင်းလည်းဖြစ်သည်။

၂၀၁၆ ခုနှစ် ကုလသမဂ္ဂ လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း ၁၈၈ နိုင်ငံတွင် မြန်မာနိုင်ငံ၏အဆင့်မှာ ၁၄၅ ဖြစ်သည်။ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်လည်း မြန်မာနိုင်ငံတွင် ဆရာဝန် လွန်စွာနည်းနေသကဲ့သို့ ပျမ်းမျှလူ့သက်တမ်းကလည်း အနိမ့်ပိုင်းသို့ရောက်နေသည်။ မွေးကင်းစကလေးနှင့် ငါးနှစ်အောက်ကလေး သေနှုန်း၊ မိခင်သေနှုန်းတို့ မြင့်မားနေသည်။ ကလေးများသေဆုံးရခြင်း၏ အဓိကကျသည့် ရောဂါများမှာ ဝမ်းပျက်ဝမ်းလျှော၊ အာဟာရချို့တဲ့မှု၊ ငှက်ဖျား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကြောင့်ဖြစ်ရာ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေးအသိပညာနိမ့်ကျမှု၊ သန့်ရှင်းသောသောက်သုံးရေမရရှိမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့၏ အကျိုးဆက်များဖြစ်သည်။ ပြည်သူလူထုကို ကျန်းမာရေးအသိပညာမြှင့်တင်ပေးရန်၊ ကူးစက်ရောဂါများကာကွယ်တိုက်ဖျက်ရန်၊ ပြုစုကုသမှုများ ဆောင်ရွက်ပေးရန်အတွက် ဆရာဝန် မောင်မယ်သစ်လွင်များ၏ တန်ဖိုးကြီးမားသည့်အင်အားကို နိုင်ငံတော်ကလိုအပ်နေခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)ဟူ၍ ဆေးတက္ကသိုလ် ငါးခုရှိသည်။ ဆေးတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့် ကျောင်းသား ကျောင်းသူများ ဆေးတက္ကသိုလ်များသို့ ဝင်ရောက်ကြရာတွင် “ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက်တာဝန်ထမ်းဆောင်ပါမည်”ဟူ၍ ကတိဝန်ခံချက်ကို လက်မှတ်ရေးထိုး ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ဆေးတက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် အရည်အသွေးပြည့်ဝသည့် ဆရာဝန်များကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးပြီး နိုင်ငံသားပြည်သူလူထု၏ ကျန်းမာရေးကို မြှင့်တင်ပေးရန်ဖြစ်ရာ အလုပ်သင် ဆရာဝန်တစ်နှစ်အပါအဝင် ခုနစ်နှစ်တာဆေးပညာများကို သင်ယူပြီးသည့်နောက် နိုင်ငံနှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုခြင်းမှာ မိမိတို့၏တာဝန်ကို ကျေပွန်ခြင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာလည်းဖြစ်သည်။

ဆရာဝန်လောင်းများအဖြစ် ဆေးပညာများ လေ့လာသင်ကြားခဲ့ကြရသည့် အမိဆေးတက္ကသိုလ်ကြီးများ၏ ဆောင်ပုဒ်မှာ ဥပဋ္ဌာနံ အနုကမ္မာ ဒယာ (Service, Sympathy, Humanity) ဟူ၍ဖြစ်ပြီး အနက်အဓိပ္ပာယ်ကို ဆီလျော်စွာဖွင့်ဆိုပါက ဆရာဝန်တစ်ဦးဖြစ်သော ကျွန်ုပ်သည် ဝေဒနာရှင်လူနာအား - ဥပဋ္ဌာနံ- စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်၊ အနုကမ္မာ - ကိုယ်ချင်းစာတရား လက်ကိုင်ထားလျက် ပြုစုကုသပါမည်၊ ဒယာ- လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည်ဟူ၍ဖြစ်ပြီး ယင်းမှာ ဆရာဝန်လောင်းလျာတို့၏ အဓိဋ္ဌာန်ပြုချက်များလည်းဖြစ်ရာ ပြည်သူအကျိုးပြု နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း, အယ်ဒီတာ့အာဘော်