မြန်မာနိုင်ငံတွင် တန်ဖိုးအရှိဆုံး၊ အရေးအကြီးဆုံး အထင်ကရနေရာများစွာ ရှိသည်။ များသောအားဖြင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စသည့် အမွေအနှစ်များကိုသာ ညွှန်းဆိုဖော်ပြလေ့ရှိသည်။ အမှန်တကယ်တွင် တန်ဖိုးအရှိဆုံးနှင့် အရေးအပါဆုံးအမွေအနှစ်တို့တွင် နိုင်ငံ၏အနာဂတ်ကို အကောင်းဆုံးထုဆစ်ပုံဖော်ပေးနိုင်သည့် အသိဉာဏ်ပညာ၊ တွေးခေါ်မြော်မြင်မှုများ၊ ပညာအမွေအနှစ်များ ပျိုးထောင်ရင်းနှီးမြှုပ်နှံရာ၊ စုဝေးရာကိုဆိုချင်သည်။
ထိုနေရာသည်ကား မြန်မာနိုင်ငံသမိုင်းကြောင်းတွင် နှစ်ပေါင်း ၁၀၀ ရှိပြီဖြစ်သော ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် မြန်မာနိုင်ငံ၏ပညာရေးသမိုင်းတွင် အဖိုးတန်ပညာအမွေများ စတင်ဖြန့် ဝေပေးရာ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားရေးစိတ်ဓာတ်များ စတင်ရှင်သန်နိုးကြား ထက်သန်ရာ၊ နိုင်ငံကို ထုဆစ်ပုံဖော်ပေးမည့်အမျိုးသားခေါင်းဆောင်များ မွေးဖွားရှင်သန်ဖြစ်ထွန်းရာ နေရာဖြစ်၍ နိုင်ငံအတွက် တန်ဖိုးအရှိဆုံး၊ အထင်ရှားဆုံးနေရာတစ်ခုဟု ဆိုရမည် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးသည် နှစ်ပေါင်း ၁၀၀ ရှည်ကြာအောင် ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲနေ ဆဲဖြစ်၍ ယခုကဲ့သို့ နှစ် ၁၀၀ ကာလပြည့်အခါသမယတွင် တက္ကသိုလ်ကျောင်းတော်ကြီး၏ ထင်ရှားကျော်ကြားခဲ့သည့် သမိုင်းပုံရိပ်များကို အနာဂတ်မျိုးဆက်များ သို့လက်ဆင့်ကမ်း မျှဝေအသိပေးခြင်းဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးသည် နှစ် ၁၀၀ မှသည် နှစ်ပေါင်းထောင်ချီ ဆက်လက်အဓွန့်ရှည်တည်တံ့ခိုင်မြဲ နေမည်ဟု ယုံကြည်ပါသည်။
မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် ပြောင်းလဲလာသော ခေတ်စနစ်အခြေအနေနှင့်အညီ တက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူဆည်းပူးရခြင်းသည် ဂုဏ်ယူဖွယ်၊ ပညာတတ်မြောက်ဖွယ်၊ ပျော်ရွှင်ဖွယ်တို့ကိုသာ မမှတ်ယူအပ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအသိ အမြင်များ ရှင်သန်နိုးကြား လာမှုများသည်ခေတ်ကိုထင်ဟပ်၍ လည်းကောင်း၊ နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားကိုမြော်တွေး၍ လည်းကောင်း ဆင်ခြင်သတိထား မိရန်လိုပေရာ ရန်ကုန် တက္ကသိုလ်ကြီးဖြတ်သန်းလာခဲ့သည့် နှစ် ၁၀၀ သက်တမ်းကာလ အတွင်းမှတိုးတက်ဖြစ်ပေါ်မှုတို့ကို ရှုမြင်သုံးသပ်လေ့လာဖို့ လိုအပ်ပါသည်။ ။
၁၉၂၀ ပြည့်နှစ်မှ စတင်ဖြစ်ထွန်းပေါ်ပေါက်လာသော ရန်ကုန် တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်လာပြီဖြစ်ရာ ရှည်လျားစွာဖြတ်သန်းခဲ့သော တက္ကသိုလ်၏သမိုင်းကြောင်းနှင့် အစဉ်အလာကောင်းများမှာ မှတ်သား၍မကုန်နိုင်ပါ။ ထို့ကြောင့်လည်း ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားကြီးအား တစ်နှစ်ပတ်လုံးကျင်းပနေသည်ကို သတိထားမိကြမည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ဟုဆိုသည်နှင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ကျောင်းပရဝဏ် အတွင်းထင်ရှားသောအဆောက်အအုံနှင့် အရာဌာနများကိုသာ မြင်ယောင်မိ မည်မှန်သော်လည်း အမှန်တကယ်တွင် ရန်ကုန်တက္ကသိုလ်သည် ပင်မအဆောက်အဦ၊ ပရဝဏ်သာမက ရန်ကုန်မြို့အတွင်းမှ မူလအစ တက္ကသိုလ်ကောလိပ်ကျောင်းများနှင့် မြို့နယ်အနှံ့မှ တက္ကသိုလ်ကောလိပ်များလည်း အကျုံးဝင်ပါသည်။
ထို့ကြောင့် ရန်ကုန်တက္ကသိုလ်သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ပင်မတက္ကသိုလ်ကြီးသာမက မြန်မာပြည်တစ်ဝန်းမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များ၏ ဖြတ်သန်းခဲ့သောသမိုင်းကြောင်းများ၊ ဆရာဆရာမများ နှင့်ကျောင်းသား ကျောင်းသူများ ၏ကြိုးပမ်းဆောင်ရွက်မှု များကိုမှတ်တမ်းတင် လေ့လာမှတ်သားထားရှိသင့်ပါသည်။ နှစ် ၁၀၀ မှစခဲ့သည့် မူလဘူတ တက္ကသိုလ်၊ ကောလိပ်များ၊ အသစ်အသစ်သော ဆက်စပ်တက္ကသိုလ် ကောလိပ်များနှင့် ကွယ်ပျောက်သွားသော ကျောင်းတော် များကို ယခုကဲ့သို့ ကြုံတောင့်ကြုံခဲ နှစ် ၁၀၀ ကာလ၌ ပြန်လည် ဖော်ထုတ် ရမည်ဖြစ်သည်။
ထိုတာဝန်မှာ ယနေ့မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ၏ တာဝန်ဖြစ်ပြီး သမိုင်းကြောင်းအစဉ်အလာ ကောင်းခဲ့သော အမိရန်ကုန် တက္ကသိုလ်ပင်မကျောင်းတော်ကြီးနှင့် ဖွားဖက်တော်ကျောင်းတော်များ၊ ညီနောင်သားမြေး ကျောင်းတော် များ၏ ဂုဏ်ဒြပ်နှင့် ပုံရိပ်ကို ပြန်လည် ဖော်ထုတ်၍ နှစ် ၁၀၀ တိုင်သော်လည်း ဟောင်းအိုသွားခြင်း မရှိသေးသော တက္ကသိုလ်၏တန်ဖိုးများကို မျိုးဆက်သစ်များက လက်ဆင့်ကမ်းကြိုဆို၍ အနာဂတ်ကို တိုးတက် သောအမြင်များဖြင့် ပြုပြင်ပြောင်းလဲတည်ဆောက် ဖန်တီးကြရမည် ဖြစ်ပါကြောင်း။