အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ကို ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ်ကြေညာခဲ့ပါသည်။
ဤရောဂါက ကမ္ဘာနှင့်ချီ၍ ကူးစက်ပြန့်ပွားသည့် ဗိုင်းရပ်စ်ပိုး ရောဂါဖြစ်၏။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး နှစ်လ သုံးလအတွင်း နိုင်ငံအများအပြားကို ချက်ချင်းဆိုသလို ကူးစက်သွား ခဲ့သည့် အတွက် ကမ္ဘာတစ်ဝန်းလုံး တုံ့ပြန်မှု မြန်မြန်ဆန်ဆန်ဖြင့် တားဆီးကာကွယ်နိုင်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြပေသည်။
လူထုကျန်းမာရေးအခြေခံစနစ် များစွာခိုင်မာတောင့်တင်း သော နိုင်ငံကြီးများအပါအဝင် နိုင်ငံတကာကို (နိုင်ငံပေါင်း ၁၄၄ နိုင်ငံ) လှည့်ပတ်မွှေနှောက်နေသည့် ဗိုင်းရပ်စ်ရောဂါပိုးဖြစ်သည့်အပြင် ကူးစက်ဖြစ်ပွားမှုက အလွန်မြန်ဆန်ကာ ရောဂါဝေဒနာဒဏ်ကလည်း ပြင်းထန်လှသည်ဖြစ်သောကြောင့် ကမ္ဘာ့ပြည်သူတို့ စိုးရိမ်နေကြရသည့် အခြေအနေ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လူထုကျန်းမာရေးစနစ်မှာ များစွာ တောင့်တင်းအားရှိသည့် နိုင်ငံမဟုတ်သော်လည်း ယခုထက်တိုင် ယင်းရောဂါဖြစ်ပွားသည့် လူနာကိုလည်းကောင်း၊ ယင်းဗိုင်းရပ်စ် ရောဂါပိုးရှိသည်ကိုလည်းကောင်း မတွေ့ရှိရသေးဟု သက်ဆိုင်ရာ ဝန်ကြီးဌာနက တိတိကျကျ ထုတ်ပြန်ကြေညာထားပါသည်။
ဤကဲ့သို့သော ကပ်ရောဂါမျိုးကို ယခုလို မကျရောက်ခင် မဖြစ်ပွားခင်က ထိန်းချုပ်ကာကွယ်နိုင်ရန် အရေးကြီး ပါသည်။ သည်လိုထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် အဓိကအကျဆုံးမှာ ပြည်သူလူထုဖြစ်ပါသည်။ ပြည်သူလူထု၏ စည်းကမ်း လိုက်နာမှု၊ ပြည်သူလူထု၏ စဉ်းစားတွေးဆဉာဏ်နှင့် ဆင်ခြင်တုံတရား မြင့်မားမှုက ကြီးကျယ်သော ထိခိုက်ဆုံးရှုံးမှုများ ပေါ်ပေါက် မလာရေး၏ သော့ချက်ဖြစ်ပါသည်။
ကပ်ရောဂါဘေးကျချိန်တွင် အားလုံးသော ပြည်သူများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ ဝန်ထမ်းများ၊ အင်အားစုများ စုစည်းညီညွတ်စွာ ဝိုင်းဝန်းကာကွယ်ကြဖို့ လိုပါမည်။ ပြည်တွင်း ပြည်ပ ရောဂါဖြစ်ပွားမှုအခြေအနေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ကြေညာနေသလို ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းသိမ်းရန် နည်းလမ်းများကိုလည်း ကြေညာရင်း ပညာပေး နေပါသည်။ ပြည်သူလူထုက သတင်းမှန်များကို အချင်းချင်း ဖြန့်ဝေရန် လိုအပ်သလို သတင်းတု သတင်းယောင်များ လုပ်ကြံ သတင်းများကို နားမယောင်ရေးနှင့် တရားဝင် ထုတ်ပြန်ထားသည့် ရောဂါပိုး ကာကွယ် ရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်ကြရန်လိုပါမည်။