ကျောက်ထု မတ် ၁၆
ကျောက်ထုမြို့နယ်နှင့် ချင်းတောင်များမှထွက်ရှိသော ဝဥ မျိုးစေ့ များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များက ကွင်းဆင်း စနစ်ဖြင့် တိုက်ရိုက်ဝယ်ယူလျက်ရှိကြောင်း ကျောက်ထုမြို့ ဝဥစိုက်ပျိုးရောင်းချသူ ဦးစိုင်းစိုင်းက ယနေ့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဝဥ မျိုးစိတ် ၁၈ မျိုးရှိ ကြောင်း၊ အရောင်များ အနေဖြင့် အဖြူ၊ အဝါ၊ ပန်းရောင် စသည့် အရောင်သုံးမျိုးရှိပြီး အဝါဥ နှင့် ပန်းရောင်ဥများက အရည်သွေးကောင်းကာ ဈေးကောင်းရကြောင်း၊ ဝဥ အဖြူများကို စက်ရုံများမှ ဝယ်ယူလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဝဥ မျိုးစေ့ရောင်းချရာတွင် အသီးမျိုး၊ ဥမျိုးဟူ၍ နှစ်မျိုးရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် အသီးတစ်ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၊ တစ်နှစ်ဥမျိုး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀၊ နှစ်နှစ် ဥမျိုးတစ်ပိဿာ လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၎င်းက ပြောကြား သည်။
ဝဥများပေါ်ချိန်တွင် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များက တိုက်ရိုက်ဝယ်ယူလျက်ရှိပြီး မန္တလေးစက်ရုံများကလည်း ချင်းတောင်ဘက်အထိ ဆင်းပြီးဝယ်ယူကြောင်း ကျောက်ထုမြို့ ဝဥ စိုက်ပျိုးရောင်းချသူ ဦးစိုင်းစိုင်းကပြောသည်။
မွှေးကြူဇင်