Skip to main content

သာသနာတော် တည်တံ့ပြန့်ပွားရေး ကြိုးပမ်း

ဘီစီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ မြတ်စွာဘုရား ပွင့်တော်မူစဉ်က သက်တော် (၃၅) နှစ် အရွယ်ဖြစ်သည်။ ထိုကာလမှစ၍ (၄၅)ဝါ ကာလပတ်လုံး အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်း ဖြစ်သည်မဟူ သတ္တဝါတို့၏ အကျိုးစီးပွား အတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတို့ကို မနေမနားဟောကြား တော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင် ဘဝနောက်ဆုံးအချိန်၌ ဆိတ်ငြိမ်စွာ ဆည်းကပ်နေသော သံဃာတော် များအား -

ချစ်သား အာနန္ဒာ ငါဘုရားဟောကြားထားသော ဓမ္မဝိနယ ခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်ဟု မှာကြားတော်မူခဲ့သည်။ ထိုမှာကြားချက်အရ “ဓမ္မဝိနယခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသကဲ့သို့ ရှိနေမည် ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ တည်ရှိနေသမျှ မြတ်စွာ ဘုရားလည်း တည်ရှိနေသည်မည်၍ သာသနာတော်သည်လည်း တည်တံ့ပြန့်ပွား ထွန်းကားနေမည်ဖြစ်သည်။

သုတ်၊ ဝိနည်း၊ အဘိဓ္မာတရားတော်များ ကွယ်ပျောက်ပါက မြတ်စွာဘုရားလည်း ပျောက်ကွယ်ပြီး သာသနာတော်လည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။ သာသနာကွယ်ပျောက် ခြင်းသည် ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး အမှောင်အတိ ဖုံးလွှမ်းခြင်းပင်ဖြစ်တော့သည်။ သို့ဖြစ်၍ မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော် အဆက်ဆက်သည် ဓမ္မဝိနယခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညှိုးနွမ်းအောင်၊ မကွယ်ပျောက် ရန် ကြိုးစား စောင့်ရှောက်တော်မူခဲ့ကြသည်။ သို့သော် ခေတ်အဆက်ဆက်တွင် သာသနာ့ အနှောင့် အန္တရာယ်များ ပေါ်ပေါက်လာတတ်သည်။ ပေါ်ပေါက်သော်လည်း ကြောင့်ကြမဲ့မနေကြ ဘဲ ဆရာ၊ ဒကာ လက်တွဲညီညာစွာဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ထွန်းကား ပြန့်ပွားရေးအတွက် ကြိုးစားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သာသနာ့အာဇာနည်အရှင်သူမြတ်များသည် ဝိနည်း၊ သုတ္တန် အဘိဓမ္မာဟူသည့် ပိဋကတ်သုံးပုံတရားမြတ်တို့ကို သင်ယူလေ့လာဆည်းပူးပြီး ပရိယတ္တိသာသနာထွန်းကားအောင် ကြိုးပမ်းထမ်းရွက်နေကြသည်။ နှစ်စဉ်နှစ်တိုင်း သာသနာ့အာဇာနည် အရှင်သူမြတ်များ ပေါ်ထွန်းလျက်ရှိသည်။ (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲသို့ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူကြသည့် ပိဋကနှစ်ပုံခွဲ ရေးဖြေ အောင် တစ်ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင်တစ်ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ခုနစ်ပါး၊ ဝိနည်းရှေ့ပိုင်း ရေးဖြေအောင် ၁၁ ပါး ပေါ်ထွန်းလာရာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်သည်။

ထိုသို့အောင်မြင်တော်မူခဲ့ကြသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်သူမြတ် အပါး ၂၀ တို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကို ရန်ကုန်မြို့၌ မေလ ၂၂ ရက်နေ့က ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုကျင်းပပြီးစီးခဲ့သည့် (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲအထိ (၇၄)နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ် ၁၅ ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့အာဇာနည် အရှင်သူမြတ် ခြောက်ပါး ပေါ်ထွန်းခဲ့ပြီး သာသနာတော်ထွန်းကား ပြန့်ပွားရေး သာသနာ့အကျိုးကို ဆက်လက်သယ်ပိုး ဆောင်ရွက်တော် မူလျက်ရှိသည်။

သို့ဖြစ်ရာ သာသနာသုံးရပ်ထွန်းကားလျက်ရှိသဖြင့် မြတ်စွာဘုရားရှင် သက်ရှိ ထင်ရှားရှိသည့် အလား တည်ရှိနေပါသည်။ သာသနာတော်ကြီးလည်း ထွန်းကား ပြန့်ပွားစည်ပင်လျက် ရှိပါသည်။ လောကလူသားများ ဒုက္ခဆင်းရဲအပေါင်းမှ လွတ်ကင်းစေရေးအတွက် မြတ်စွာ ဘုရားရှင်၏ တပည့်သာဝကများက သာသနာတော်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ချီးမြှောက်လျက်ရှိပါသည်။ မြတ်စွာဘုရားရှင်သာသနာ ထွန်းကားပြန့်ပွားစေရေးအတွက် ဆရာ၊ ဒကာ ညီညာစွာဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။