မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ဖမ်းဆီးခံရသည့်သတင်းများကို ဆက်တိုက်ဆိုသလို တွေ့ရှိနေရသည်။ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်လမ်းများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးဝင်ကြရာမှ ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ ထိုင်းသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအများစု သွားရောက်အလုပ်လုပ်ကိုင်သည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ၍ ရှိနေသည်။ မြန်မာအလုပ်သမားများအဖို့ ထိုင်းသည် လုပ်ခဆွဲဆောင်မှုရှိခြင်း၊ စရိတ်ကုန်ကျမှုနည်းခြင်း၊ အလွယ်တကူသွားလာနိုင်ခြင်း စသည့်အချက်များကြောင့် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းလည်း ဖြစ်သည်။
ထို့အပြင် မိခင်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်အားချင်းတူလျှင်ပင် တစ်ဖက်နိုင်ငံမှ လုပ်ခလစာပိုရခြင်းတို့ကလည်း စေ့ဆော်မှုများပင်ဖြစ်သည်။ ထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် တရားဝင်လမ်းကြောင်းများမှ သွားရောက်နိုင်သော်လည်း အောက်လမ်းဟုခေါ်ကြသည့် တရားမဝင်လမ်းကြောင်းမှ ခိုးဝင် သွားရောက်ကြသည့်အတွက် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ အများစုမှာ မိမိတို့၏ မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများ၏ တိုက်တွန်းနှိုးဆော်မှုများ၊ တရားမဝင်လူပွဲစားများ၏ သွေးဆောင်မှုများကြောင့် အောက်လမ်း၊ ခိုးလမ်းများမှ သွားရောက်ကြခြင်းဖြစ်ပြီး ထိုင်းစကားလည်း မပြောတတ်၊ ထိုင်းစာကိုလည်း မဖတ်တတ်၊ အထောက်အထားစာရွက်စာတမ်းလည်းမပါ၊ ဘာကိုမှလည်းနားမလည်၊ မသိရှိဘဲ ပွဲစားတောင်းသည့် ငွေကိုပေးကာ၊ ပွဲစားကိုပုံအပ်ပြီး ခိုးကြောင်ခိုးဝှက်ဝင်ကြခြင်းဖြစ်သည်။ ယင်းသို့သော အခြေအနေမျိုးက ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လိုသူများအတွက် လွန်စွာအန္တရာယ်ကြီးလှသည်။ ရောင်းစားခံရမည့်အန္တရာယ်၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့် အန္တရာယ်၊ လိင်အလွဲသုံးစားပြုခံရမည့်အန္တရာယ် စသည်တို့အပါအဝင် အန္တရာယ်များစွာတို့က အောက်လမ်းခေါ် တရားမဝင်လမ်းကြောင်းတွင် ရှိနေသည်။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် တရားဝင်ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို အသိအမှတ်ပြုခန့်ထားကာ မြန်မာလုပ်သားများကို ပြည်ပအလုပ်အကိုင်များသို့ တရားဝင် စနစ်တကျစေလွှတ်ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ တစ်ကမ္ဘာလုံးတွင် ကူးစက်ပျံ့နှံ့ခဲ့မှုကြောင့် ဆိုင်းငံ့သွားခဲ့ရသည့် မြန်မာအလုပ်သမား စေလွှတ်ရေးလုပ်ငန်းများမှာ ယခုအခါ ပြန်လည်စတင်လာပြီဖြစ်ရာ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ မကြာမီ ပိုမိုပွင့်လန်းလာတော့မည်ဖြစ်သည်။
ပြည်ပအလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ကြရာတွင် အပေါ်လမ်းဟုခေါ်ကြသည့် တရားဝင်လမ်းကြောင်းမှ သွားရောက်ကြရန် တိုက်တွန်းလိုသည်။ တရားဝင်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအနေဖြင့် အခွင့်အရေးများ၊ ရပိုင်ခွင့်များကို အပြည့်အဝရရှိခံစားနိုင်ပြီး ဂုဏ်သိက္ခာနှင့်အညီ အလုပ်လုပ်ကိုင်သွားလာနေထိုင်နိုင်သည်။ ခေါင်းပုံဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မတော်မတရားမှုတို့နှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း တရားဥပဒေ၏ အကာအကွယ်ကို ရယူနိုင်သည်ဖြစ်ရာ မိမိတို့ဘဝရှေ့ရေးအတွက် ပြည်ပသို့ထွက်၍ အလုပ်လုပ်ကိုင်လိုသူတိုင်း တရားဝင်လမ်းကြောင်းများမှသာ သွားရောက်ကြပါရန် အကျိုးမျှော်၍ နှိုးဆော်အပ်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်