Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၁၇-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၁) ဦး ရှိပါသည်။

၃။ (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၂) ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာ နိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၃) ဦးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ လက္ခဏာများ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုများ မရှိသော်လည်း ရောဂါ ဖြစ်ပွားမှု မြင့်မားလျက်ရှိသော နိုင်ငံများသို့သွားရောက်ခဲ့သည့် ရာဇဝင်ရှိသဖြင့် ၎င်းတို့အား ဆေးရုံတွင် (၁၄) ရက်ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

၄။ ယနေ့ (၁၇-၃-၂၀၂၀) ရက်နေ့၊ ညနေတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့ လာသော ဓာတ်ခွဲအဖြေများအား ဇယား (၂) တွင် ဖော်ပြထားပါသည်။ ကျန်ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၉) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိပါသည်။

၅။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၅) နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် တောင်ပြုံး တိုက်နယ်ဆေးရုံတွင် (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် တက်ရောက်ကုသခဲ့ပြီး လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ခဲ့ရာ လူနာတွင် မောခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်၍ (၁၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၂:၀၀) နာရီအချိန်တွင် ကန်တော်နဒီဆေးရုံသို့ ထပ်မံညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် နံနက် (၇:၃၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုး များကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။ အဆိုပါ လူနာ၏ ဓာတ်ခွဲနမူနာ အဖြေရရှိလျှင် အချိန်နှင့် တစ်ပြေးညီ ထပ်မံထုတ်ပြန်သွားမည် ဖြစ်ပါသည်။

၆။ (၁၇-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိ သေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၅၁) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

Ref; Ministry of Health and Sports, Myanmar