သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့သည့် မြန်မာနိုင်ငံကို တိုင်းရင်းသားစည်းလုံး ညီညွတ်မှု အခိုင်အမာ တည်ဆောက်၍ ပြည်ထောင်စုစိတ်ဓာတ်အခြေခံပြီး တစုတစည်းတည်းသော ပြည်ထောင်စုနိုင်ငံအဖြစ်သို့ ဦးတည်ကာ နိုင်ငံလွတ်လပ်ရေး ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် လွတ်လပ်ရေး မရမီကပင် မငြိမ်းချမ်းသောပဋိပက္ခများ စတင်ခဲ့သည်။
ယခုအခါ လွတ်လပ်ရေးရရှိပြီးသည်မှာ စိန်ရတုကာလသို့ပင် ရောက်ရှိလာပြီဖြစ်၍ ထာဝရငြိမ်းချမ်းသော နိုင်ငံဖြစ်စေရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ငြိမ်းချမ်းရေးသည် အမှန်တကယ် လိုလားပါက အလှမ်းမဝေးဘဲ အနီးလေးတွင်ရှိနေပါသည်။ ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့၏ အကျိုးစီးပွားကို ဦးတည်သည်နှင့် ငြိမ်းချမ်းရေးခရီးမှာ အနီးဆုံးဖြစ်သွားမည်။ ခရီးလမ်းတစ်ခုကို လှည့်ပတ်လျှောက်လှမ်းနေပါက လိုရာခရီးသို့ မည်သို့မျှမရောက်နိုင်ဘဲ နီးလျက်နှင့် ဝေးနေမည်ဖြစ်သည်။
ထို့အတူ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိနိုင်ရေးအတွက် ပြည်ထောင်စုကြီး အကျိုးကို အလေးအနက်ထားပြီး ရိုးသားပွင့်လင်းစွာဖြင့် ဆွေးနွေးနိုင်သည်နှင့် ငြိမ်းချမ်းရေးမှာ အလှမ်းမဝေးဘဲ နီးကပ်လာမည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ စတင် ဆွေးနွေးနေကြပြီဖြစ်သည်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားသည်နှင့်အညီ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆွေးနွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးကို အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အောင်မြင်တစ်လှည့်၊ ရပ်တန့်တစ်လှည့်၊ မအောင်မြင်တစ်လှည့်ရှိခဲ့ပါသည်။ ယခုအခါ ငြိမ်းချမ်းရေးကို မရရအောင် ဆောင်ရွက်ရမည်ဟူသည့် သန္နိဋ္ဌာန်အတိုင်း အောင်မြင်အောင် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေးခရီးလမ်းသို့ တက်လှမ်းနိုင်ရေးသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အတွေ့အကြုံများစွာရှိခြင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရန် အချိန်အခါကျရောက်နေခြင်း၊ ငြိမ်းချမ်းရေးရရှိလိုသည့် ပြင်းပြသော စိတ်ဆန္ဒများ ရှိခြင်းနှင့် ပါဝင်သင့်ပါဝင်ထိုက်သောသူများ (အထူးသဖြင့် အဓိကကျသောသူများ) ပါဝင်ဖို့လိုပေသည်။
ယခုအခါ လိုအပ်သောအချက်များ ပြည့်စုံနေသဖြင့် ငြိမ်းချမ်းရေးခရီးမှာ အလှမ်းမဝေးဟု ဆိုချင်ပါသည်။ ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အတွေ့အကြုံရှိသူများ ပါဝင်ဆွေးနွေးနေကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ စိန်ရတုကာလသို့ပင် ရောက်ရှိလာပြီဖြစ်၍ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူရမည့် အချိန်အခါဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စိတ်ဆန္ဒပြင်းပြကြသော ပုဂ္ဂိုလ်များသည် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ရောက်ရှိဆွေးနွေးနေကြပြီဖြစ်သည်။ ပါဝင်သင့်ပါဝင်ထိုက်သည့်ပုဂ္ဂိုလ်များဟု ဆိုရာ၌ တစ်ချိန်သောအခါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်စဉ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဟူ၍ သုံးပိုင်းကွဲပြားနေသဖြင့် ငြိမ်းချမ်းရေးခရီးတွင် လိုအပ်ချက်များရှိခဲ့သည်။ ယခုအချိန်အခါတွင် အားလုံးသည် တပေါင်းတစည်းတည်းရှိသည့် သဘောဖြစ်၍ ငြိမ်းချမ်းရေးခရီး အလှမ်းနီးနေသည်ဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံအတွက် အဓိကလိုရင်းအချက်မှာ ငြိမ်းချမ်းရေးရရှိရေးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိန်ရတုပြည်ထောင်စု၊ စိန်ရတုလွတ်လပ်ရေးနေ့သို့ ကျရောက်လာပြီဖြစ်သည့် အပြင် နိုင်ငံ့အရေးအရ အရေးကြီးသောအချိန်အခါသို့ ရောက်ရှိနေသည်။ တိုင်းပြည်အရေးကို ဦးစားပေးမြော်တွေးကြသည့် ပုဂ္ဂိုလ်များအားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆွေးနွေးနေကြသည်။
တိုင်းပြည်တွင် နှစ်ပေါင်းရှည်ကြာလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရေး၊ အားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ်သို့ တက်လှမ်းနိုင်ရေး အတွက် ငြိမ်းချမ်းရေးခရီးလမ်းကို တည့်မတ်ဖြောင့်တန်းစွာဖြင့် လျှောက်လှမ်းနိုင်ရန် လိုအပ်ပေသည်။ လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းသွားရန် လိုအပ်ပါသည်။ ငြိမ်းချမ်းရေးခရီးလမ်း ဖြောင့်တန်းတည့်မတ် အောင်မြင်စေရေးအတွက် အဓိကသက်ဆိုင်သော ပုဂ္ဂိုလ်များသာမက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း ဝိုင်းဝန်း အားပေး ထောက်ခံ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးခရီးလမ်း တည့်မတ်မှန်ကန်အောင်မြင်စေရန် အချိန်ကောင်း၊ အခါကောင်း၊ အချိန်အခါကျရောက်နေပြီဖြစ်ရာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အဓိက သက်ဆိုင်သူများသာမက တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းလက်တွဲပါဝင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။