နေပြည်တော် မတ် ၁၇
အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးတင်ပြ
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က လုပ်ငန်းပိုင်းဆိုင်ရာများကို ပြောကြားပြီး စီမံကိန်း ဒါရိုက်တာ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ရေသွင်းစိုက်ပျိုးမှုဧရိယာ အပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Irrigated Agriculture Inclusive Development Project – IAIDP) တိုးတက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ငွေတိုက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီး ဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန တို့မှ ကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (AFD)၊ ဥရောပသမဂ္ဂအဖွဲ့အစည်း (EU) တို့နှင့် ပူးပေါင်း၍ အမျိုးသားအဆင့် စီမံကိန်းကို မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဒေသများ မကွေး၊ ရမည်းသင်း၊ မိတ္ထီလာနှင့် ရွှေဘိုခရိုင် လေးခုတို့ရှိ ရေသွင်းစိုက်ပျိုးနိုင်သည့် ဧရိယာ ဧက ၉၀၀၀၀ တွင် ခရိုင်အလိုက် တန်ဖိုးကွင်းဆက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် ခေတ်မီရေသွင်း စနစ် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို စီမံကိန်း ကာလ ခုနစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။
ရေသွင်းစိုက်ပျိုးမှုဧရိယာအပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Irrigated Agriculture Inclusive Development Project – IAIDP)ကို မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ချောင်းမကြီး ဆည်ရေသောက်စနစ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ နတ်မောက်ဆည် ရေသောက် စနစ်များ၌ စတင်ဆောင်ရွက်မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်ဆုံ၊ သင်ပုန်း၊ မိတ္ထီလာ ကန်နှင့် ချောင်းကောက် စသည့် ဆည်ရေသောက် စနစ်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရန်ပယ်၊ ကင်မွန်း တောင်၊ စွန်ချောင်းနှင့် ဆဒ္ဒန်ဆည်ရေသောက်စနစ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျီးပင်အက်ဆည်ရေ သောက်စနစ်အပါအဝင် စုစုပေါင်းဆည်ရေသောက်စနစ် ၁၁ ခုကို ဆောင်ရွက် သွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းအရ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဥယျာဉ်ခြံထွက်သီးနှံများကို ဆန်စပါး မဟုတ်သော တန်ဖိုး ကွင်းဆက် ထုတ်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန် ရည်မှန်း ချက်ထားရှိဆောင်ရွက်သွားမည် ဖြစ်ပြီး ယုံကြည်စိတ်ချရသော စိုက်ပျိုးရေပေးဝေမှု တိုးတက်လာစေရန်နှင့် ဆည်ရေ ရရှိမှုဧရိယာများ တိုးတက်လာစေရန်၊ ရေသယံဇာတအရင်းအမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရယူသုံးစွဲမှုစီမံခန့်ခွဲ ခြင်း အရည်အချင်းမြှင့်တင်ရန်တို့ကို ဦးတည်အကောင် အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်