Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်တို့က စက်ခေါင်းစက်ရုံ (အင်းစိန်) သမိုင်းအကျဉ်း၊ ရည်မှန်းချက်တာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မီးရထားစက်ခေါင်းများ ထုတ်လုပ်တပ်ဆင်နိုင်မှု၊ ပြုပြင်ထိန်းသိမ်းနိုင်မှု၊ စက်ခေါင်းစွမ်းအားမြှင့်တင်မှု၊ စက်ခေါင်းအရံပစ္စည်းများထုတ်လုပ်နိုင်မှုအခြေအနေများ၊ ရေနွေးငွေ့စက်ခေါင်းများ အကြီးတန်းပြုပြင်ပြီးစီးမှုနှင့် စမ်းသပ်မောင်းနှင်ပြေးဆွဲနိုင်မှုအခြေအနေများ၊ စက်ရုံဝန်ထမ်းများအရည်အသွေးပြည့်ဝစေရေးအတွက် သင်တန်းများတက်ရောက်စေမှု၊ စက်ရုံအလုပ်ရုံခွဲများအလိုက်လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုပင်ဖြစ်ကြောင်း၊ စက်ခေါင်းများပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြုပြင်ခြင်းလုပ်ငန်းများအဆင့်ဆင့်ဆောင်ရွက်မှုကို မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ စက်ခေါင်းများဝယ်ယူချိန်မှစ၍ အသုံးပြုမှုနှင့်ပြုပြင်ထိန်းသိမ်းမှုများကို စက်ခေါင်းတစ်ခုချင်းအလိုက် သမိုင်းမှတ်တမ်းများ ပြည့်စုံစွာဖြင့်ပြုစုထားရှိရန်လိုကြောင်း၊ စက်ခေါင်းများသည် တန်ဖိုးအားဖြင့်များစွာကြီးမားသည့်ပစ္စည်းများဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ်ဓာတ်အားအသုံးပြု၍ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးလိုအပ်သည့်လျှပ်စစ် ဓာတ်အားသုံးစက်ခေါင်းများထုတ်လုပ်နိုင်ရေး နိုင်ငံတကာမှနည်းပညာများကိုလေ့လာ၍ ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ပစ္စည်းများနှင့်ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများကိုပေါင်းစပ်၍ ပထမခြေလှမ်းအနေဖြင့် ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းများ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများမှတစ်ဆင့် လျှပ်စစ်ရထား(EMU)အထိ ပြေးဆွဲနိုင်ရေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ယခုရန်ကုန်မြို့ပတ်ရထားလမ်းတွင် ဒီဇယ်လျှပ်စစ်သုံးရထားများအသုံးပြု၍ မြို့ပတ်ရထားများပြေးဆွဲနေပြီး မိမိတို့နိုင်ငံတွင်လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးရှိ အဓိကကျသည့်နေရာများကို လျှပ်စစ်ရထားအသုံးပြုပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများနှင့် ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများစနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ တစ်နိုင်ငံလုံးလျှပ်စစ်စက်ခေါင်းများဖြင့်ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစ၍ သုတေသနပြုထုတ်လုပ်ပြီး ၎င်းမှတစ်ဆင့် အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးက လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မီးရထားစက်ခေါင်းစက်ရုံအတွင်း မီးရထားစက်ခေါင်းများထုတ်လုပ် တပ်ဆင်နေမှု၊ ပြုပြင်ထိန်းသိမ်းနေမှု၊ စက်ခေါင်းစွမ်းအားမြှင့်တင်နေမှု၊ ရေနွေးငွေ့စက်ခေါင်းအား ကျောက်မီးသွေးသုံးစက်ခေါင်းအဖြစ်ပြုပြင်နေမှု၊ မီးရထားစက်ခေါင်းအရံပစ္စည်းများ ထုတ်လုပ် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံသို့ရောက်ရှိပြီး ဂျပန်နိုင်ငံမှရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းအသစ်များအားကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းစိန်မီးရထားဆေးရုံသို့ရောက်ရှိရာ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာ့မီးရထားဆေးမှူးချုပ် ဒေါက်တာသန်းမင်းထွဋ်တို့က ဆေးရုံ၌ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ ဆေးရုံတွင်ကျန်းမာရေးဝန်ထမ်များ လိုအပ်လျက်ရှိမှုနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လိုအပ်လျက်ရှိမှုအခြေအနေ များကိုရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် လိုအပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုပစ္စည်းများကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့်လူနာများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။