Skip to main content

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြိုတင်ကာကွယ်မှုအဖြစ် ပြည်တွင်းပြည်ပ စစ်တုရင်ပြိုင်ပွဲ ရွှေ့ဆိုင်း

ရန်ကုန် မတ် ၁၇

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြိုတင်ကာကွယ်မှုအဖြစ် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်သည် ပြည်တွင်းပြည်ပ စစ်တုရင်ပြိုင်ပွဲများ ရွှေ့ဆိုင်းထားကြောင်း မတ် ၁၆ ရက်က စင်ထရယ်ဟိုတယ်၌ ကျင်းပသည့် (၄၆) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စစ်တုရင် ချန်ပီယံရှစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားတွင် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောသည်။

“ကျွန်တော်တို့ ဒီနှစ်မှာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲရှိတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲတွေ ပိတ်ရင်လည်း ပိတ်မယ်။ ရက်တွေရွှေ့မယ့် အနေအထားရှိပါတယ်။ နှစ်စဉ် ယှဉ်ပြိုင်နေကျဖြစ်တဲ့ အာဆီယံ သက်တမ်း အလိုက် ပြိုင်ပွဲဆိုရင် ဇွန်လမှာ ကျင်းပနေကျ၊ ယခုဆိုရင် ဗီယက်နမ်မှာ နို၀င်ဘာလအထိ ရွှေ့ဆိုင်းထား ပါတယ်။ အဲဒီအချိန်အထိ စိတ်မချရဘူးဆိုရင် ထပ်မံရွှေ့ဆိုင်းဖို့ ရှိတယ်လို့ သိရပါတယ်။ အဖွဲ့ချုပ် အနေနဲ့ နောက်ထပ်ကျင်းပဖို့ ပြိုင်ပွဲတွေ ဆိုင်းငံ့ထားဖို့ရှိသလို ဒေသအလိုက် ပြိုင်ပွဲတွေလည်း ဆိုင်းငံ့ဖို့ ရှိပါတယ်။ ဗီယက်နမ်မှာ မတ်လလောက်ကျင်းပမယ့် HD စစ်တုရင်ချန်ပီယံပြိုင်ပွဲဆိုရင် ရက် အကန့် အသတ်မရှိ နောက်ဆုတ်ထားတယ်လို့ ကြေညာထားပါတယ်။ ဧပြီလမှာ ကျင်းပမယ့် ထိုင်းအိုးပင်း စစ်တုရင်ပြိုင်ပွဲဆိုရင် ဇွန်လထဲ နောက်ဆုတ်ထားပါတယ်။ ဒါတွေက ကစားသမားပေါ်မှာ ကစားမယ့် အနေအထားမှာ တစ်ဦးချင်း နီးနီးနားနားတွေ့နိုင်မယ့် အနေအထားဖြစ်တယ်ပေါ့။ အဲဒီလို ဆိုင်းငံ့ ထားပေမယ့် အွန်လိုင်းပြိုင်ပွဲတွေ ရှိပါတယ်။ အွန်လိုင်းပြိုင်ပွဲတွေ ရွှေ့ဆိုင်းဖို့ မရှိပါဘူး”ဟု ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်သည် နောက်နှစ်တွင် စစ်တုရင်ပတ်လည် အမှတ်ပေးစနစ်မှ ကွာတား၊ ဆီမီး၊ ဖိုင်နယ်စနစ် သို့ ပြောင်းလဲကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

 

အေကေလင်း