နေပြည်တော် မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြင်ပ ဆက်ဆံရေးဒုဌာနကြီးမှူး ဦးပေါက်အိုက်ကော်နှင့် ပြင်ပဆက်ဆံရေးဌာန၊ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းတို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းမှုရှိမှသာလျင် ဒေသတည်ဆောက်ရေး တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် တိုင်းပြည်၏လိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားလုပ်ဆောင်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူဖြစ်စေနိုင်မည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ “ဝ” ပြည် သွေးစည်းညီညွတ် ရေးပါတီ UWSP မှ သဘောတူညီကြောင်းနှင့် သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသထွက်လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ ထို့နောက် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSPမှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။