ထားဝယ် မတ် ၁၈
2019 Novel Coronavirus (COVID- 19) နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေ တင်ပြခြင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က 2019 Novel Coronavirus (COVID- 19)သည် မြန်မာနိုင်ငံတွင် ကူးစက်လူနာ မရှိသေးသော်လည်း အချိန်မရွေး၊ နေရာမရွေး ကူးစက်လာနိုင်သဖြင့် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့ကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပထမ ဦးစားပေး ကိစ္စရပ်အဖြစ် အထူးဂရုပြု အားထုတ်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ 2019 Novel Coronavirus (COVID- 19) နှင့် ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိရေးအတွက် သက်ဆိုင်ရာ ဌာနများက လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူစည်ကားရာ နေရာများတွင် ပိုစတာများ စိုက်ထူခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် နှိုးဆော်သတိပေးခြင်းနှင့် သံသယလူနာများ တွေ့ရှိပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးမှစ၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသို့ အဆင့်ဆင့်သတင်းပို့ခြင်းများ လိုအပ်ကြောင်း၊ နယ်စပ်ဂိတ်များတွင် 2019 Novel Coronavirus (COVID- 19) ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ သေချာစွာ ဆောင်ရွက်လျက်ရှိပြီး တရားမဝင် ဝင်ပေါက်များကို ဌာနအချင်းချင်း ပူးပေါင်း၍ ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန် တက်ရောက်လာသော သက်ဆိုင်ရာ ဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တင်ပြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်မှသာ 2019 Novel Coronavirus (COVID- 19) ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်းက novel Corona Virus -2019 အကြောင်း၊ အဆုတ်ရောင်ရောဂါ COVID- 19 ၏ အဓိကလက္ခဏာများ ၊ COVID- 19 ကူးစက်ဖြစ်ပွားမှုများသော နိုင်ငံများ အခြေအနေ၊ ရောဂါကူးစက်ပုံ၊ ကမ္ဘာတစ်ဝန်းလုံးတွင် COVID- 19 ဖြစ်ပွားမှုအခြေအနေများ အကြောင်းနှင့် တိုင်းဒေသကြီးအတွင်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တက်ရောက်လာသူများ က (COVID- 19) နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ် ( တိုင်းဒေသကြီး-ပြန်/ဆက်)