ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သည်။ လွတ်လပ်ရေးရသောအခါ ပြည်ထောင်စုစိတ်ဓာတ် လျော့နည်းပျက်ပြားသဖြင့် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ ယခုအခါ လွတ်လပ်ရေး ရရှိပြီးနောက် ၇၅ နှစ် စိန်ရတုကာလသို့ ရောက်ရှိလာသော်လည်း လက်နက်ကိုင် ပဋိပက္ခများ မချုပ်ငြိမ်းသေးဘဲ မငြိမ်းချမ်းသော အခြေအနေများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။
ယနေ့ကာလတွင် တိုင်းပြည်ငြိမ်းချမ်းရေးရလာစေရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်အကျိုးကို ရှေးရှု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့သည်။ ယခုအခါ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် တစ်ဖွဲ့ချင်းစီတွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်း အဖြေရှာနေပြီဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တာဝန် ယူနေသည့် ကာလအခိုက်အတန့်အတွင်း တိုင်းရင်းသားပြည်သူများ အကျိုးအတွက် စိတ်စေတနာသန့်သန့်ဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ တိုင်းရင်းသား ပြည်သူအားလုံး၏ ဆန္ဒအမှန်ဖြစ်သည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးရလဒ်များကို ရရှိနိုင်ရန်အတွက် ရိုးသားပွင့်လင်းစွာဖြင့် ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ခဲ့သည်။ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာ လိုလားသည့်စိတ်၊ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်များဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြလျှင် ငြိမ်းချမ်းရေးနှင့် အလှမ်းမဝေးဘဲ လက်တစ်ကမ်း ရောက်ရှိလာမည်ဖြစ်သည်။
ဒီမိုကရေစီထွန်းကားသည့် နိုင်ငံအများစုတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး အေးချမ်းသာယာလျက်ရှိသည်။ ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ဖြောင့်တန်းစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ မငြိမ်းချမ်းခြင်းသည် ပြည်သူလူထု၏ ဘဝအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ ထိုကြီးမားသော စိန်ခေါ်မှုကို ကျော်လွှားနိုင်အောင် ဆောင်ရွက်နေခြင်းသည် ပြည်သူလူထုအပေါ်ထားရှိသည့် စစ်မှန်သောစေတနာ ဖြစ်သည်။ ပြည်သူလူထုအပေါ် စေတနာမှန်ကန်စွာထားကာ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် သဘောထားကြီးကြီး သည်းခံစိတ်ထားပြီး မိမိတို့၏ စိတ်ခံစားချက်၊ ထင်မြင်ယူဆချက်များကို ဦးစားမပေးဘဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှုရှိရှိ၊ အပြုသဘောဖြင့် ထိတွေ့ဆက်ဆံကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ချင်းအလိုက် တိုက်ရိုက်ထိတွေ့ တွေ့ဆုံဆွေးနွေးနေခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသမိုင်းစဉ်တွင် ရတောင့်ရခဲ အခြေအနေဖြစ်သည်။ ငြိမ်းချမ်းရေးခရီးကို အမြန်ဆုံး ခရီးရောက်စေရန်အတွက် အဓိကအဆုံးအဖြတ်ပေးနိုင်သူ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာ၊ ငြိမ်းချမ်းရေးကို လိုလားသည့် စစ်မှန်သော သဘောထားများကို မျက်ဝါးထင်ထင် အထင်အရှားမြင် တွေ့နေရပြီ ဖြစ်သည်။
ငြိမ်းချမ်းရေးကို လိုလားသူများက စိတ်ဆန္ဒပြင်းပြစွာဖြင့် ပူးပေါင်းဆောင်ရွက်နေကြသလို ငြိမ်းချမ်းရေးကို မလိုလားသည့် အဖွဲ့အစည်းအချို့၊ ခေါင်းဆောင် အမည်ခံ လူပုဂ္ဂိုလ်အချို့၏ အဖျက်သဘောပြောဆိုမှု၊ လုပ်ဆောင်မှုများကိုလည်း ကြားသိကြရမည်ဖြစ်သည်။ မည်သို့ပင် နှောင့်ယှက်ဖျက်ဆီး ဟန့်တားနေကြသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သွေဖည်သွားမည်မဟုတ်ပေ။ ပြင်းပြသောစိတ်ဓာတ်၊ တိကျသောသန္နိဋ္ဌာန်၊ ရဲဝံ့သောသတ္တိတို့ဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိလာအောင် မမှိတ်မသုန် ဆက်လက်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်သည်။
ယခုပြုလုပ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ NCA တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့သုံးဖွဲ့တို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်သည်။ အဆိုပါ EAO အဖွဲ့များ၏ ငြိမ်းချမ်းလိုသောစိတ်ဆန္ဒ၊ တိုင်းရင်းသား ပြည်သူများ၏အရေးနှင့် ဒေသအကျိုးစီးပွားအပေါ် ထားရှိသည့် စေတနာတို့ကို ပြည်သူလူထုတစ်ရပ်လုံးက လေးစားအသိအမှတ်ပြုသောအားဖြင့် သဘောထားဆန္ဒများ ထုတ်ဖော်နေကြသည်ကို တွေ့မြင်နေရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံသားများက ဆုံးဖြတ်ကြမည်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်မည်ဆိုသည့် ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ အောင်မြင်စွာ တက်လှမ်းကြမည်ဖြစ်ပါကြောင်း။ ။