နိုင်ငံတော်နှင့် ပြည်သူတို့၏ အနာဂတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးသည် အဓိကကျသောအရင်းအမြစ်ဖြစ်သည်။ အသိဉာဏ်ပညာသည် နိုင်ငံနှင့်ပြည်သူတို့၏ ဘဝအဆင့်အတန်းအခြေအနေကို ညွှန်းဆိုနေသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်အားပေးနေသည်။
ပညာသင်ကြားတတ်မြောက်မှု အတိုင်းအတာရှိသလောက် လူမှုဘဝမြင့်မား တိုးတက်မှု ရှိလာသည်ကို အားလုံးလက်ခံထားကြသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း အချိန်တန် အရွယ်ရောက်သည်နှင့် ပညာသင်ကြားကြသည်။ ပညာပါရမီနှင့် ကြိုးပမ်းအားထုတ်နိုင်စွမ်း ရှိသလောက် ဘဝမြင့်မားတိုးတက်လာကြသည်။ ပြီးခဲ့သည့် နှစ်ကာလများက ကိုဗစ်-၁၉ ရောဂါ ကြောင့် ပညာသင်ကြားမှု အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါကို အစွမ်းကုန်ကာကွယ်၊ ကုသပေးပြီး ရောဂါကိုထိန်းချုပ်နိုင်သည်နှင့် စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ယခုစာသင်နှစ်အတွက် ဇွန်လ ၂ ရက်(ယနေ့တွင်) နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများအားလုံး စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအားလုံး ပျော်ရွှင်စွာပညာသင်ကြားနေကြပြီ ဖြစ်သည်။ ကျောင်းသား ကျောင်းသူများနှင့် နိုင်ငံတော်၏ အနာဂတ်အတွက် မြော်တွေးပြီး ဝမ်းမြောက်ပီတိဖြစ်ကြရမည်ဖြစ်သည်။ ပညာသင်ကြားခြင်းသည် ‘ဗာဟုသစ္စဉ္စ’အကြားအမြင် ဗဟုသုတရှိခြင်း၊ ‘သိပ္ပဉ္စ’အတတ်ပညာကို တတ်မြောက်စေသည့် မင်္ဂလာတရားတော်နှင့်အညီ ဖြစ်ပါသည်။
ယခုအခါ ပညာသင်ကြားခြင်းကို နှောင့်ယှက်ဖျက်ဆီးနေကြသည့် ‘ဗာလ’လူမိုက်တို့၏ လုပ်ရပ် များကို ကြားသိနေရသဖြင့် များစွာဝမ်းနည်း စိတ်မကောင်း ဖြစ်ကြရသည်။ ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်းရှိ နေရာဒေသအချို့တွင် ကျောင်းသား ကျောင်းသူများ အခမဲ့ပညာသင်ကြားနိုင်အောင် ပေးဝေပေးမည့် ကျောင်းသုံးစာအုပ်များကို လုယက်ယူဆောင် ဖျက်ဆီးနေကြသည့် သတင်းများကို ကြားသိရပါသည်။ အနာဂတ်ဘဝများ မြင့်မားတိုးတက်ရန်အတွက် အထောက်အကူပြုသည့် ပညာသင်ကြားရေးပစ္စည်းများကို ဖျက်ဆီးလိုက်ခြင်းသည် အလွန် အောက်တန်းကျသည့် ယုတ်မာပက်စက်မှုကို ကျူးလွန်ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့်လူမှုဘဝမြင့်မားစေသည့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေသော်လည်း NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ၎င်းတို့၏ နိုင်ငံရေးအစွန်းရောက် မိုက်မဲသောဝါဒကို လက်ကိုင် ထား၍ ပညာသင်ကြားနိုင်ရန် ကျောင်းတက်ကြသည့် ကျောင်းသား ကျောင်းသူများ၊ ပညာသင်ကြားပေးမည့် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေးအဆောက်အအုံများ၊ စာရွက်စာတမ်းများ၊ ပညာရေးအထောက်အကူ ပြုပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီး သတ်ဖြတ်ခြင်းများကို ကျူးလွန်နေကြသည်။
ယခုကဲ့သို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေသည်ကို NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ၎င်းတို့နှင့်အလိုတူအလိုပါ မီဒီယာများက ကျောင်းများမဖွင့် နိုင်အောင်၊ ကျောင်းသား ကျောင်းသူများ ကျောင်းမတက်ဝံ့အောင် နှောင့်ယှက်ဟန့်တား နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ပညာသင်နှစ်တွင် အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မိုင်းထောင်၊ မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျောင်းပေါင်း ၅၀၄ ကျောင်းရှိခဲ့ပြီး ဆရာ ဆရာမ ၃၇ ဦး သေဆုံးခဲ့ရသည်။ ယခုစာသင်နှစ်တွင်လည်း ကျောင်းများ မဖွင့်မီကတည်းက အပေါင်းပါ မီဒီယာများက ပညာရေးကိုနှောင့်ယှက်ဟန့်တားသည့်သတင်းများ ဖော်ပြလာကြသည်။ တစ်ဖက်တွင် ကျောင်းတက်ရန် ပြောကြားကြပြီး တစ်ဖက်တွင် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးကြကာ တစ်ဖက်ကလည်း ၎င်းတို့က ပညာသင်ပေးနေသည်ဟု သွေးထိုး လှုံ့ဆော်ကြသည်။
နိုင်ငံတော်အစိုးရသည် စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂတ်ဘဝကိုရှေးရှုပြီး ပညာရေးကို အခက်အခဲအနှောင့်အယှက်များကြားမှ မဖြစ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသည်။ မည်သို့ပင် နှောင့်ယှက်ဖျက်ဆီးနေကြ သော်လည်း နိုင်ငံတစ်ဝန်း ကျောင်းများအားလုံးဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များအားလုံး ပညာသင်နှစ်တစ်ခုကို အောင်မြင်စွာဖြတ်သန်းသင်ယူ၊ သင်ကြားပေးနိုင်ရန် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်များ ဘေးကင်းလုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မိဘပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ မင်္ဂလာတရားတော်နှင့်အညီ ပညာသင်ကြားနိုင်ရေးနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုဘဝ မြင့်မားတိုးတက်စေမည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေသော ပညာရေးကဏ္ဍကို ဆက်လက်မြှင့်တင်ဆောင်ရွက်ပြီး ပညာရေးကဏ္ဍနှင့် ပညာသင်ကြား၊ ပညာသင်ယူသူများအား နှောင့်ယှက်ဖျက်ဆီးကြသည့် အဖျက်သမားများအား အပြီးတိုင်ဝိုင်းဝန်းလက်တွဲ တိုက်ဖျက် ကြရမည်ဖြစ်ပါကြောင်း။ ။