ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု သည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာ အရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ ၂၀၁၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ FAO အဖွဲ့၏ ဆန်းစစ်လေ့လာတွေ့ရှိမှုအရ လွန်ခဲ့သည့် နှစ် ၂၀ ကျော်နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းသည် တဖြည်းဖြည်းနှင့် သိသိသာသာ လျော့နည်းလာပြီး သစ်တောများ ပိုမိုပျက်စီးလာသည့်သဘောကို တွေ့ရသည်။ လက်တွေ့မြေပြင်တွင်လည်း နိုင်ငံ၏ သစ်တောများ သိသာစွာ လျော့နည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ သစ်တောသစ်ပင်များ လျော့နည်းလာရခြင်းမှာ လူတို့၏ မဆင်မခြင် တရားမဝင်ခုတ်လှဲခြင်းများကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း၊ ထုံးနှင့် မီးသွေး ဖုတ်ခြင်း၊ အိမ်သုံးထင်းခုတ်ခြင်း၊ တိရစ္ဆာန်ထိန်းကျောင်းခြင်း စသည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းများကြောင့် သစ်တောများ တဖြည်းဖြည်း ပြုန်းတီးလာခြင်းဖြစ်သည်။
လူတို့အကျိုးစီးပွားအတွက် မဆင်မခြင်အသုံးပြုမှုများကြောင့် သစ်တောများ တစ်စတစ်စ ပြုန်းတီးလာသည်ကို ကမ္ဘာတစ်ဝန်းတွင် မြင်တွေ့နေရသည်။ သစ်တောများ ပြုန်းတီးလာသောကြောင့်ရာသီဥတု ဆိုးရွားစွာပြောင်းလဲလာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ တိမ်ကောပျက်စီး ညစ်ညမ်းလာပြီး ရေချိုများ ခန်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာများ ပျက်စီးယိုယွင်းလာခြင်း၊ တောင်ပေါ်ဒေသနှင့် ကုန်းမြင့်များမှ မြေဆီလွှာများ ပြုန်းတီးပျက်စီးလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးလာခြင်း စသည့် ဂေဟစနစ်များ ပျက်စီးယိုယွင်းမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည် နေထိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများနှင့် ထိခိုက်မှုစသည့်အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အများအားဖြင့် နေ့စဉ်နေထိုင်မှုဘဝ၌ ထင်းမီးသွေးကို အသုံးပြုကြသည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ထင်းစိုက်ခင်း နှစ်ဧက စိုက်ပျိုးတည်ထောင်ခြင်း၊ သစ်ထုတ် ခုတ်လှဲခြင်းကို ရပ်ဆိုင်းထားခြင်းစသည့် သစ်တောထိန်းသိမ်းရေးတို့ကို ဆောင်ရွက်ခဲ့သည်။ တစ်ဖက်တွင် ယမန်နှစ် မိုးရာသီက သစ်ပင်သန်း ၂၀ ကျော် စိုက်ပျိုးခဲ့ပြီး ယခုမိုးရာသီတွင် အပင်ပေါင်း သန်း ၂၀ ခန့် စိုက်ပျိုးရန် စီမံဆောင် ရွက်ထားသည်။ မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကို လျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊ နိုင်ငံပိုင် သစ်တောများ ရေရှည်တည်တံ့စေရေး၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့် လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ကြပြီး နိုင်ငံအနှံ့အပြားတွင် သစ်ပင်စိုက်ပျိုးရေးပွဲတော်များ ပြုလုပ် ကြကာ စိမ်းလန်းသာယာလှပသည့် မြန်မာ့ရေမြေတောတောင်များ ပြန်လည် ဖြစ်ပေါ်လာအောင် ဖန်တီးကြရမည်ဖြစ်သည်။
သစ်တောသစ်ပင်ဟုဆိုရာတွင် သစ်ပင်ကြီးများ စုဝေးပေါက်ရောက်သည့် တောအုပ်ကြီးများ သာမက မြို့ပြကျေးလက် ပတ်ဝန်းကျင်တစ်ခွင်တွင် ပေါက်ရောက် နေသော သစ်ပင်များလည်း ပါဝင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပြန်လည်စိမ်းလန်း စိုပြည်စေရေးအတွက် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် မြေလွတ်မြေလပ် အားလုံးတွင် သစ်ပင်စိုက်ပျိုးကြရန် ဖြစ်သည်။ သစ်တောသစ်ပင်သည် နှစ်ပေါင်းရှည်ကြာ အချိန်ယူစိုက်ပျိုးရသည်ဖြစ်၍ လက်ငင်းအကျိုးစီးပွား အမြန်ဖြစ်ထွန်းရန်အတွက် သစ်တောလယ်ယာစိုက်ပျိုးရေးကိုလည်း ပေါင်းစပ် ဆောင်ရွက်သင့်ပါသည်။ သစ်တောလယ်ယာစိုက်ပျိုးရေးဆိုသည်မှာ နှစ်နှစ်ခံ ကောက်ပဲသီးနှံပင်များကို ဆိုလိုသည်။၎င်းအပင်များသည် မိုးခေါင်ရေရှား၊ မိုးသည်းထန်မှုကို ခံနိုင်ရည်ရှိပြီး သစ်တောလယ်ယာအသုံးပြုသစ်ပင်မှ လူ၊ တိရစ္ဆာန်အစားအစာ၊ စက်မှုကုန်ကြမ်း၊ သစ်၊ လောင်စာ၊ မြေဆီလွှာ၊ စားကုန်နှင့် ဝင်ငွေတိုးပွားစေပါကြောင်း။ ။