Skip to main content

ကိုဗစ်-၁၉ ကြောင့် အလုပ်အကိုင်ပြပွဲများကျင်းပမှုနှင့် ကျွမ်းကျင်မှုသင်တန်းများ ရွှေ့ဆိုင်း

နေပြည်တော် မတ် ၁၈

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပ လျက်ရှိရာ မတ် ၂၅ ရက်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့၌ ကျင်းပရန်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲအား ရွှေ့ဆိုင်း လိုက်ကြောင်း သိရှိရသည်။

“ပြန်ပြီးကျင်းပမယ့်ရက်ကို ကြေညာပေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ကျင်းပဖို့ရက်ကို ရွှေ့ဆိုင်း လိုက်တာဖြစ်ပါတယ်”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ထံမှ သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ပြည်တွင်း ပြည်ပ ကုမ္ပဏီများ၊ လုပ်ငန်းရှင် များနှင့် အလုပ်သမားဝန်ဆောင်မှုလုပ်ငန်းများနှင့် ပူးပေါင်းကာ ၂၀၁၉ ခုနှစ် ဧပြီလ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အလုပ်အကိုင်အခွင့်အလမ်းပြပွဲပေါင်း ရှစ်ကြိမ်ခန့်ကျင်းပထားခဲ့ပြီး အလုပ်သမားစုစုပေါင်း ၂၂၅၉ ဦးကို အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထို့ပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းများနှင့်ဦးစီးဌာနမှ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသော သင်တန်းကျောင်းများ၌ ယနေ့မှစတင်ကာ သင်တန်းများ ပိတ်ထား‌ကြောင်း မတ် ၁၇ ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများသို့ ပေးပို့ထားကြောင်း သိရသည်။

သွန်းဝဿန်