Skip to main content

သတင်းမီဒီယာများအပေါ် စွဲဆိုထားသော အမှုနှစ်ခု ပြန်လည်ရုပ်သိမ်း

ရန်ကုန် မတ် ၁၈

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ကြားဝင်စေ့စပ် ညှိနှိုင်းဆောင်ရွက်မှုများအရ တပ်မတော်က သတင်း မီဒီယာနှစ်ခုအပေါ် စွဲဆိုထားသော အမှုနှစ်ခုကို ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ကျွန်တော်တို့ သတင်းမီဒီယာကောင်စီနဲ့ တပ်မတော်အကြား နားလည်မှု၊ ယုံကြည်မှုတွေရရှိအောင် အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ သတင်းမီဒီယာတွေကို အရေးယူတော့မယ်ဆိုရင် ကျွန်တော်တို့ သတင်းမီဒီယာကောင်စီဥပဒေအတိုင်း ပြန်ပြီးဆောင်ရွက်ပေးဖို့၊ ကောင်စီမှာ ကနဦးညှိနှိုင်းပေးဖို့ အဲဒီအဆင့်ကနေ မပြေလည်ရင် တရားစွဲဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိပါတယ်။

ဒီလို အကြိမ်ကြိမ် ဆွေးနွေးဆုံးဖြတ်ချက်တွေချပြီးတော့မှ သတင်းမီဒီယာသမားတွေ အရေးယူမှုကိစ္စတွေအပေါ် နားလည်မှု ကျေအေးပေးနိုင်မှုတွေ ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ အခု နောက်ဆုံးအနေနဲ့ ဧရာ၀တီသတင်းဌာနကို တရားစွဲထားတဲ့ ကိစ္စတွေ၊ ရိုက်တာသတင်းဌာနကို တရားစွဲထားတဲ့ အမှုနှစ်ခုကို ဒီကနေ့ မတ် ၁၈ ရက်မှာ တပ်မတော်အနေနဲ့ ပြန်လည်ရုပ်သိမ်းမယ်လို့ ကျွန်တော်တို့ သတင်းမီဒီယာကောင်စီကို အကြောင်းကြားလာပါတယ်။ ဒါဟာ ကျွန်တော်တို့ သတင်းမီဒီယာတွေ အတွက် ကောင်းမွန်တဲ့ရလဒ်ပါ။ တပ်မတော်အနေနဲ့လည်း သတင်းတွေကို တိတိကျကျ ရေးသားဖော်ပြနိုင်အောင် ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါမှာ ပြောဆိုပေးဖို့ ညှိနှိုင်းထားသလို သတင်းမီဒီယာတွေအနေနဲ့ကလည်း သတင်းဖော်ပြတဲ့နေရာမှာ တိကျမှုရှိပြီး ဘက်လိုက်မှုမရှိအောင် ရေးသားဖော်ပြမယ်ဆိုရင် အမှုအခင်းတွေ မရှိနိုင်ပါဘူးဟု မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောသည်။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ မေတ္တာရပ်ခံအကြောင်းကြားညှိနှိုင်းမှု၊ တပ်မတော်နှင့် သတင်းမီဒီယာများအကြား ဆက်ဆံရေးနှင့် သတင်းမီဒီယာများ၏ စတုတ္ထမဏ္ဍိုင်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ရေးအပေါ် အလေးထား သဖြင့် ဧရာဝတီသတင်းဌာနမှ ဦးရဲနီအား တရားစွဲဆိုထားမှုနှင့် ရိုက်တာသတင်းဌာနအား တရားစွဲဆိုထားမှုတို့ကို မတ် ၁၈ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်